ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းရဲ့ နည်းပြသစ် ဇာဘီ အလွန်ဆိုရဲ့ ပထမဆုံး ရာသီကြို ခြေစမ်းပွဲဟာ အကြိတ်အနယ် ရှိခဲ့ပြီး ဝက်စတန်း ဆစ်ဒနီ ဝမ်းဒါးရားစ်ကို ၆-၄ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲ အပြီး မှာတော့ အလွန်ဆိုက သူ့အသင်း အနေနဲ့ ပွဲကို ဒီထက်မက ထိန်းချုပ် ကစားဖို့ လိုအပ်နေသေးကြောင်းနဲ့ ပထမဆုံး ပွဲစဉ် ကနေ သင်ခန်းစာ များစွာ ရရှိခဲ့တယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
နှစ်သင်းပေါင်း ၁၀ ဂိုး အထိ သွင်းယူခဲ့ကြတဲ့ ဒီအကြိတ်အနယ် ရှိတဲ့ ရာသီကြို ခြေစမ်းပွဲမှာ ချဲလ်ဆီး အသင်းဟာ ၃ ကြိမ်တိုင်တိုင် ဦးဆောင်ဂိုး ပေးခဲ့ရတာပါ။ ဒါပေမယ့် ဒုတိယပိုင်းမှာ လူစားဝင်လာတဲ့ ယာအို ပက်ဒရိုက ၉ မိနစ် အတွင်း ဟက်ထရစ် သွင်းယူပေးခဲ့တာကြောင့် အလွန်ဆို အနေနဲ့ နည်းပြ ဘဝ ပထမဆုံးပွဲ မှာတင် နိုင်ပွဲနဲ့ စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အလွန်ဆိုဟာ ပွဲစချိန်မှာ အတွေ့အကြုံ နည်းတဲ့ လူငယ် ကစားသမား အများစုကို ပွဲထုတ်ခဲ့ပြီး ဒုတိယပိုင်းကျမှ လူသိများတဲ့ ဝါရင့်ကစားသမားတွေကို ထည့်သွင်း ကစားစေခဲ့တာပါ။ ဒါပေမယ့်လည်း ချဲလ်ဆီး အသင်းဟာ တိုက်စစ်ပိုင်းမှာ ခြိမ်းခြောက်မှုတွေ အပြည့်အဝ ပေးနိုင်ခဲ့ပြီး မျှော်မှန်းဂိုး (xG) ၃.၂ အထိ ရှိခဲ့ကာ စုစုပေါင်း ဂိုးကန်သွင်းမှု ၂၅ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ချဲလ်ဆီးရဲ့ ခံစစ်ပိုင်း ကတော့ ဝက်စတန်း ဆစ်ဒနီကို ဂိုးကန်သွင်းခွင့် အကြိမ် ၂၀ အထိ ပေးခဲ့ရသလို၊ ဝက်စတန်း ဆစ်ဒနီ အသင်းဟာ ချဲလ်ဆီးရဲ့ ဂိုးဧရိယာ အတွင်း ဘောလုံး ထိချက် ၃၇ ကြိမ်နဲ့ တိုက်စစ် ဧရိယာ အတွင်း ဝင်ရောက်မှု ၅၂ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် အလွန်ဆိုရဲ့ အသင်း ခံစစ်ပိုင်း အားနည်းချက်တွေ ကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ကစားသမားတွေရဲ့ စွမ်းဆောင်ရည် အပေါ် အလွန်ဆိုက ကျေနပ်မှု ရှိပေမယ့် ကျန်ရှိနေသေးတဲ့ ရာသီကြို ခရီးစဉ် တစ်လျှောက် ပြုပြင်စရာတွေ အများကြီး ရှိနေသေးတယ် ဆိုတာကို ဝန်ခံခဲ့ပါတယ်။ “ဒီခြေစမ်းပွဲဟာ အနာဂတ် အတွက် အများကြီး အသုံးဝင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ပွဲအတွင်းမှာ အဖြေရှာဖို့ ရုန်းကန်ခဲ့ရတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပြီး အဲဒီလို အတွေ့အကြုံမျိုးတွေကို ကျွန်တော်တို့ ကြုံတွေ့ဖူးဖို့ လိုပါတယ်။ အပြုသဘောဆောင်တဲ့ အချက် ကတော့ ကျွန်တော်တို့ အဲဒါတွေကို ပြန်လည် ပြင်ဆင်နိုင်ခဲ့တာပါပဲ။ ဒါပေမယ့် ပွဲကို ထိန်းချုပ် ကစားရမယ့် အခိုက်အတန့်တွေ ဆီကနေ ကျွန်တော်တို့ သင်ခန်းစာယူစရာတွေ အများကြီး ရှိပါတယ်” လို့ အလွန်ဆိုက ပြောခဲ့ပါတယ်။
ဒါ့အပြင် “သူတို့တွေ ဘောလုံးကို ခပ်မြင့်မြင့် တက်ပြီး ဖိအားပေးလာတဲ့ အခါ အတွင်းပိုင်း ကနေ အဖြေရှာဖို့ ခက်ခဲခဲ့ပါတယ်။ ဖြစ်ပျက်နေတာတွေကို ကျွန်တော်တို့ လွဲမှားနေတယ်လို့ မစဉ်းစားပဲ မတူညီတဲ့ အမြင်နဲ့ နားလည်ပြီး ပွဲအတွင်း အပြောင်းအလဲတွေကို ပြုလုပ်နိုင်အောင် ကြိုးစားရပါမယ်။ ဒါဟာ ပွဲတိုင်းလိုလိုမှာ ကြုံတွေ့ရမယ့် ကိစ္စပါ။ ကျွန်တော်တို့ ပိုပြီး အခက်အခဲကြုံရလေ၊ အဖြေရှာနိုင်လေလေ ပိုကောင်းတဲ့ အသင်း တစ်သင်း ဖြစ်လာလေလေပါပဲ။ အဲဒီအတွက်ကြောင့် ဒီပွဲဟာ ကျွန်တော်တို့ အတွက် တကယ်ကို အသုံးဝင်ပါတယ်” လို့ အလွန်ဆိုက ပြောပါတယ်။
ဆက်လက်ပြီးတော့လည်း “ဒဏ်ရာရတာတွေ မရှိခဲ့ဘူး၊ လူငယ်ကစားသမားတွေ အတွက်လည်း ဒီခရီးစဉ်မှာ ပါဝင်ပြီး ကစားခွင့်ရတာ အတွေ့အကြုံကောင်း ဖြစ်ခဲ့တယ်၊ ဝါရင့် ကစားသမားတွေ လူစားဝင်လာပြီး ကောင်းမွန်တဲ့ သက်ရောက်မှုတွေကို ဖန်တီးနိုင်ခဲ့သလို ပရိသတ်တွေ အတွက်လည်း စိတ်လှုပ်ရှားစရာ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်” လို့ စပိန်သား နည်းပြက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
Accor ကွင်းကြီးထဲမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ကစားခွင့် မရရှိခဲ့တဲ့ ကစားသမား တစ်ဦး ကတော့ ရိုမီယို လာဗီယာ ဖြစ်ပြီး၊ သူ့ကိုတော့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ အလွန်ဆိုက အနားပေးခဲ့တာ ဖြစ်ပါတယ်။ “သူ့ရဲ့ ပေါင်နောက်ကြော ကြွက်သားမှာ နည်းနည်း အဆင်မပြေ ဖြစ်နေတာကြောင့်ပါ” လို့ အလွန်ဆိုက ရှင်းပြခဲ့ပြီး “ကြီးကြီးမားမားတော့ မဟုတ်ပါဘူး၊ စနေနေ့ (စပါးနဲ့ ပွဲ) မှာတော့ သူ ပြန်လည် ကြံ့ခိုင်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် စွန့်စားမှု မလုပ်ချင်တာကြောင့် ပွဲထုတ် မကစားခဲ့တာပါ။ အဲဒီအတွက်ကြောင့်လည်း ရက်ဂျီ ဝပ်ဆန် မိနစ် ၉၀ လုံး ကစားခွင့် ရခဲ့ပြီး ကောင်းကောင်းမွန်မွန်လည်း စွမ်းဆောင်နိုင်ခဲ့ပါတယ်” လို့ ဆိုသွားခဲ့ပါတယ်။
ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် ရာသီသစ် မစတင်ခင် စပါး၊ ဂျူဗင်တပ်စ်၊ မီလန်၊ ဂျိုဟိုးလ်ဒါရူးလ်တာဇင်မ်၊ ရီးရဲလ်ဆိုစီဒက် တို့နဲ့ ခြေစမ်းပွဲ များစွာ ကစားဦးမှာ ဖြစ်ပါတယ်။ အဲဒါ ပြီးရင်တော့ ၂၀၂၆-၂၇ ပရီးမီးယားလိဂ် ရာသီ အဖွင့်ပွဲ အဖြစ် လန်ဒန် မြို့ခံ ပြိုင်ဘက် ဖူလ်ဟမ်နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


