ဒီတပတ် နိုင်ငံတကာ ပွဲစဉ်တွေ အပြီးမှာတော့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ဆင်နွှဲခွင့်ရကြမယ့် အသင်းပေါင်း ၄၈ သင်း စလုံးကို အတည်ပြုနိုင်တော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ၄၂ သင်းက ခြေစစ်ပွဲ အောင်မြင်ပြီး ဖြစ်ပေမယ့်လည်း ကျန်ရှိနေတဲ့ ၆ နေရာ အတွက် အသင်းပေါင်း ၂၂ သင်းက ဆက်လက် တိုက်ပွဲဝင်ကြရဦးမှာ ဖြစ်ပါတယ်။ ဥရောပ လမ်းကြောင်း ကနေ ၄ သင်းနဲ့ အင်တာကွန်တီနန်တယ် ပလေးအော့ဖ် ကနေ ၂ သင်းက ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဆင်နွှဲခွင့်ရကြမှာ ဖြစ်ပါတယ်။
ဒီတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ်မှာ ကနေ ကျန်ရှိနေတဲ့ လက်မှတ် ၆ စောင်ကို ရရှိဖို့ ရေပန်းအစားဆုံး အသင်း ၆ သင်းက ဘယ်အသင်းတွေလည်း ဆိုတာ ဖော်ပြပေးသွားပါမယ်။
ဥရောပဇုန် (ပလေးအော့ဖ်)
၁။ အီတလီ
ကမ္ဘာ့ဖလား ၄ ကြိမ် ရရှိထားတဲ့ အီတလီ လက်ရွေးစင် အသင်းဟာ ပြီးခဲ့တဲ့ ပြိုင်ပွဲ ၂ ကြိမ် ဆက်တိုက် လွဲချော်ခဲ့ရတဲ့ အတွက် ဒီတစ်ကြိမ်မှာလည်း ဖိအားများစွာ ရှိနေပါတယ်။ လက်ရှိ အီတလီမှာ ထိပ်တန်း ကြယ်ပွင့် ကစားသမားတွေ ရှားပါးနေတာက သူတို့ အတွက် အားနည်းချက် ဖြစ်နေပါလိမ့်မယ်။ ခြေစစ်ပွဲ အုပ်စု အဆင့်မှာ နော်ဝေကို ရှုံးနိမ့်ခဲ့ရပေမယ့်လည်း လမ်းကြောင်း (A) မှာတော့ အီတလီ ကပဲ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။
၂။ ဆွီဒင်

ဆွီဒင်က ခြေစစ်ပွဲ အုပ်စု (B) မှာ ရလဒ်တွေ ဆိုးရွားပြီး အုပ်စု အောက်ဆုံးမှာ ရပ်တည်ခဲ့ရပေမယ့်လည်း နေးရှင်းလိဂ် ရလဒ်ကြောင့် ပလေးအော့ဖ် ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဂရေဟမ် ပေါ်တာ လက်ထက်မှာ အသင်းကို ပြန်လည် တည်ဆောက်နေရပေမယ့်လည်း အဓိက ကစားသမားတွေ ဖြစ်တဲ့ ကူလူဆက်ဗ်စကီးနဲ့ အိဆက်ခ်တို့ ဒဏ်ရာကြောင့် လွဲချော်နေတာက သူတို့ အတွက် အခက်အခဲ တစ်ခု ဖြစ်နေမှ သေချာပါတယ်။
ဆွီဒင်က ဆီမီးဖိုင်နယ်မှာ ယူကရိန်းကို ကျော်ဖြတ်ရမှာ ဖြစ်ပြီး အနိုင်ရရင်တော့ ပိုလန် သို့မဟုတ် အဲလ်ဘေးနီးယားနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
၃။ တူရကီ
တူရကီ ကတော့ ၂၀၀၂ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား တက်လှမ်းနိုင်ဖို့ မျှော်လင့်နေတာပါ။ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ကွာတားဖိုင်နယ် အထိ တက်လှမ်းနိုင်ခဲ့တဲ့ ခြေစွမ်းကြောင့် သူတို့ရဲ့ လမ်းကြောင်းပေါ်မှာ ရှိတဲ့ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား သို့မဟုတ် ကိုဆိုဗိုတို့ထက် အသာစီးရနေပါတယ်။ နည်းပြ ဗင်ဆန်ဇို မွန်တဲလား အတွက် ဒီ ပလေးအောဖ့် အဆင့်ဟာ သူ့ရဲ့ အရည်အချင်းကို သက်သေပြရမယ့်ပွဲလည်း ဖြစ်ပါတယ်။
၄။ ဒိန်းမတ်
ယူရို ၂၀၂၄ အပြီးမှာ နည်းပြသစ် ဘရိုင်ယန် ရိမ်းမားက လက်လွှဲ ကိုင်တွယ်ခဲ့ပေမယ့်လည်း အသင်းရဲ့ ခြေစွမ်းက အားရစရာ သိပ်မရှိသေးပါဘူး။ ဒါပေမယ့်လည်း ဆီမီးဖိုင်နယ်မှာ မြောက်မက်ဆီဒိုးနီးယားကို အသာစီးနဲ့ ကျော်ဖြတ်နိုင်ဖို့ အားကောင်းနေသလို ဗိုလ်လုပွဲ မှာတော့ ချက် သို့မဟုတ် အိုင်ယာလန် တို့နဲ့ အကြိတ်အနယ် ကစားရဖွယ် ရှိနေပါတယ်။
အင်တာကွန်ဖက်ဒရေးရှင်း (ပလေးအော့ဖ်)
၅။ ဒီမိုကရက်တစ် ကွန်ဂို
ကွန်ဂို ကတော့ နိုင်ဂျီးရီးယားကို ပင်နယ်တီနဲ့ အနိုင်ယူကာ ဒီအဆင့်ကို တက်လှမ်းလာတာပါ။ ကမ္ဘာ့ အဆင့် ၅၆ ရှိတာကြောင့် အခု ပလေးအော့ဖ် လမ်းကြောင်းမှာ အဆင့်အမြင့်ဆုံး အသင်း ဖြစ်နေပြီး ဗိုလ်လုပွဲကို တိုက်ရိုက် တက်လှမ်းခွင့် ရရှိထားပါတယ်။ ၎င်းတို့ အနေနဲ့ ဂျမေကာ သို့မဟုတ် နယူးကယ်လီဒိုးနီးယား ပွဲက အနိုင်ရတဲ့ အသင်းက ကစားရမှာ ဖြစ်ပြီး ၁၉၇၄ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် ကမ္ဘာ့ဖလား ဝင်ခွင့် ရဖို့ အခွင့်အရေး ကောင်းနေပါတယ်။
၆။ ဘိုလစ်ဗီးယား
တောင်အမေရိကဇုန်မှာ အဆင့် ၇ နေရာနဲ့ ပလေးအော့ဖ် ကစားခွင့်ရခဲ့ခြင်း ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ အားသာချက် ဖြစ်တဲ့ ပင်လယ်ရေ မျက်နှာပြင် အထက် အလွန် မြင့်မားတဲ့ အိမ်ကွင်းကို အသုံးချခွင့် မရပဲ အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ ဘိုလစ်ဗီးယား အနေနဲ့ ဆူရီနမ်ကို ကျော်ဖြတ်နိုင်ခဲ့ရင်တော့ အီရတ်နဲ့ အဆုံးအဖြတ် ပွဲစဉ် ကစားရဖွယ် ရှိနေပါတယ်။ ဘိုလစ်ဗီးယားဟာ ၁၉၉၄ ခုနှစ် နောက်ပိုင်း ကမ္ဘာ့ဖလားနဲ့ ဝေးကွာနေတဲ့ အသင်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


