လက်ရှိ ကျင်းပ ပြီးစီးသွားတဲ့ ကမ္ဘာ့ဖလားမှာ နော်ဝေကို ရှုံးပြီး ၁၆ သင်း အဆင့် ကနေ လှည့်ပြန်ခဲ့ရပေမဲ့လည်း ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ကတော့ နည်းပြ ကာလို အန်ဆလော့တီကို ရာထူး ကနေ ထုတ်ပယ်ဖို့ အစီအစဉ် မရှိပါဘူး။ သူတို့အနေနဲ့ အန်ဆယ်လော့တီကို ၂၀၃၀ ကမ္ဘာ့ဖလား အထိ ဆက်လက် ကိုင်တွယ်ခွင့်ပေးဖို့ ဆုံးဖြတ်ထားပါတယ။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နယူးဂျာစီမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘရာဇီးလ် အသင်းဟာ နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်းရဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ၂-၁ နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။ ဒါကြောင့်လည်း ဘရာဇီးလ်တို့ရဲ့ (၆) ကြိမ်မြောက် ကမ္ဘာ့ဖလား အိပ်မက်ဟာ အနည်းဆုံး ၂၈ နှစ်အထိ ထပ်မံ စောင့်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။ ဘရာဇီးလ် အသင်းဟာ နောက်ဆုံး အကြိမ် အဖြစ် ၂၀၀၂ ခုနှစ် ဂျပန်-တောင်ကိုရီးယား ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့တာ ဖြစ်ပြီး အခု ၆ ကြိမ် ဆက်တိုက် ဖလားနဲ့ ဝေးကွာနေမှုဟာ သူတို့ သမိုင်းတစ်လျှောက် အရှည်ကြာဆုံး ဖလားလက်မဲ့ ဖြစ်မှုလည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ၁၉၉၀ ပြည့်နှစ်က အာဂျင်တီးနားကို ၁-၀ နဲ့ ရှုံးပြီး ၁၆ သင်း အဆင့်က ထွက်ခဲ့ရပြီး နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် အခုလို စောစောစီးစီး ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရတာပါ။
ဒီဗိုလ်လုပွဲ တစ်လျှောက်လုံးမှာ အန်ဆယ်လော့တီရဲ့ ဘရာဇီးလ် အသင်းဟာ မျှော်လင့်သလောက် ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ အုပ်စု အဖွင့်ပွဲမှာ မော်ရိုကိုနဲ့ ၁-၁ သရေကျခဲ့ပြီး၊ ဟေတီနဲ့ စကော့တလန် တို့ကို ၃-၀ စီနဲ့ နိုင်ကာ အုပ်စု (C) ပထမနဲ့ တက်လာခဲ့တာပါ။ အဲဒီနောက် ၃၂ သင်း အဆင့် မှာလည်း ဂျပန် အသင်းကို ပွဲပြီးခါနီး ဂါဘရီရယ် မာတင်နယ်လီရဲ့ နာကျင်အချိန်ပို သွင်းဂိုးနဲ့မှ ကပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘရာဇီးလ် အဖွဲ့ချုပ် ကတော့ ပြီးခဲ့တဲ့ မေလကမှ အန်ဆယ်လော့တီကို ၂၀၃၀ ကမ္ဘာ့ဖလား အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားတာ ဖြစ်လို့ ပရိသတ်တွေရဲ့ ဖိအားပေးမှုကြောင့် ရုတ်တရက် နည်းပြ အပြောင်းအလဲ လုပ်မှာ မဟုတ်ကြောင်း ရှင်းလင်းထားပါတယ်။

ပွဲအပြီးမှာ ဘရာဇီးလ် လက်ရွေးစင် အသင်း ညှိနှိုင်းရေးမှူး ရိုဒရီဂို ကိုင်တာနိုက “အခုအချိန်မှာ ကျွန်တော်တို့ အတွက် အရေးကြီးတာက ကမ္ဘာ့ဖလား အတွက် ပြင်ဆင်မှု သက်တမ်း တစ်ခုကို အေးအေးဆေးဆေးနဲ့ ပုံမှန်အတိုင်း ဖြတ်သန်းသွားဖို့ပါပဲ။ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားရင်း ၂၀၃၀ ကမ္ဘာ့ဖလား အထိ ဒီနည်းပြနဲ့ပဲ ဆက်သွားမှာပါ။ နောက်လာမယ့် ကမ္ဘာ့ဖလား အတွက် ပြင်ဆင်နိုင်ဖို့ အနည်းဆုံးတော့ တည်ငြိမ်တဲ့ ပတ်ဝန်းကျင် တစ်ခု ရှိဖို့ လိုပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူက အသင်းထွက်ခွာခဲ့ရလို့ အားလုံး စိတ်ပျက် ဝမ်းနည်းနေကြပေမယ့်လည်း အမေရိကန်မှာ ကုန်ဆုံးခဲ့တဲ့ ၃၈ ရက်တာ အတွင်း ကစားသမားတွေနဲ့ ဝန်ထမ်းတွေရဲ့ စည်းလုံးမှု၊ ပရော်ဖက်ရှင်နယ်ဆန်မှုကို မြင်တွေ့ခဲ့ရတဲ့ အတွက် အကောင်းမြင်စရာတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။
ဒီပွဲမှာ အငြင်းပွားစရာ အလှည့်အပြောင်း တစ်ခု ကတော့ ပထမပိုင်း ၀-၀ အခြေအနေမှာ ဘရာဇီးလ် အသင်း ပင်နယ်တီ ရခဲ့တာပါ။ ပုံမှန်ဆိုရင် ရီးရဲလ်မက်ဒရစ်မှာ ပင်နယ်တီ ၁၆ ကြိမ်မှာ ၁၂ ကြိမ် အထိ သွင်းယူပေးထားတဲ့ ကြယ်ပွင့် ဗင်နီးစီးယပ်စ် ဂျူနီယာက ကန်ရမှာ ဖြစ်ပေမယ့် နယူးကာဆယ်မှာ ပင်နယ်တီ ၂ ကြိမ်ပဲ ကန်ဖူးတဲ့ ဘရူနို ဂီမာရေးစ်က ဝင်ကန်ခဲ့ပြီး ဂိုးသမား နိုင်လန်းက ကာကွယ်သွားခဲ့ပါတယ်။
ဒီအပေါ်မှာ ဗင်နီးစီးယပ်စ်က “ဒါဟာ နည်းပြရဲ့ ဆုံးဖြတ်ချက်ကြောင့်ပါ။ ကျွန်တော် ဘယ်တော့မှ တာဝန်ယူရမှာကို မကြောက်ပါဘူး။ ရီးရဲလ်မှာဆိုလည်း နည်းပြ ခိုင်းရင် ကျွန်တော်ပဲ ကန်ပါတယ်။ ဒီမှာတော့ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် အတိုင်း လိုက်နာခဲ့တာပါ။ ဒါဟာ ကျွန်တော် တစ်ကိုယ်ကောင်းမဆန်သလို၊ လူပေါ်လူဇော်လုပ်ဖို့ မကြိုးစားခဲ့ဘူး ဆိုတာကို သက်သေပြနေတာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဒီပွဲမှာ ဗင်နီးစီးယပ်စ်ဟာ အခွင့်အရေး ၂ ကြိမ် ဖန်တီးပေးခဲ့ပြီး၊ တစ်ကိုယ်တော် ဆွဲပြေးမှု ၆ ကြိမ် အပါအဝင် ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်မှုတွေမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရလို့ ကံမကောင်းခဲ့ပါဘူး။ ပွဲပြီးခါနီး ဒုတိယပိုင်း နာကျင် အချိန်ပိုမှာ ဘရာဇီးလ် အသင်း နောက်ထပ် ပင်နယ်တီ တစ်ကြိမ် ထပ်ရခဲ့စဉ်မှာလည်း ဗင်နီးစီးယပ်စ် ကပဲ ဖယ်ပေးခဲ့လို့ လူစားဝင်လာတဲ့ နေမာက ဝင်ရောက် ကန်သွင်းပြီး အသင်း အတွက် ချေပဂိုး တစ်ဂိုး ရယူပေးခဲ့ပါတယ်။
ဒီဂိုးကြောင့် နေမာဟာ ဂန္ထဝင် ကစားသမားကြီး ပီလီ ပြီးရင် ဘရာဇီးလ် အသင်း သမိုင်းမှာ ကမ္ဘာ့ဖလား ၄ ကြိမ် (၂၀၁၄၊ ၂၀၁၈၊ ၂၀၂၂၊ ၂၀၂၆) ဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


