အာဆင်နယ်နဲ့ ပွဲက နောက်ဆုံး အခွင့်အရေး ဖြစ်တယ်လို့ ဂွာဒီယိုလာ ပြောဆို၊ ကာတာ စော်ဘွားရဲ့ ယူနိုက်တက်ကို ဝယ်ယူမယ့် အစီအစဉ်ကို UEFA ကန့်ကွက်မှာ မဟုတ် စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
စပါးတို့ ချန်ပီယံလိဂ်မှာ အေစီမီလန်ကို အရေးနိမ့်
အန်တိုနီယို ကွန်တီရဲ့ တော့တင်ဟမ်ဟော့စပါး ကတော့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ အေစီမီလန်ကို အရေးနိမ့်သွားခဲ့ပါတယ်။ ဘရာဟင် ဒီယက်ဇ်ရဲ့ ပထမပိုင်း ၇ မိနစ်မှာ ကတည်းက သွင်းယူခဲ့တဲ့ ဂိုးကို ခွင့်ပြုခဲ့ရတဲ့နောက် စပါးဟာ ပြန်လည် ချေပနိုင်ခြင်း မရှိဘဲ အရေးနိမ့်ခဲ့ကာ ဒုတိယအကျော့ အိမ်ကွင်းပွဲကို အားကုန် ထုတ်ရတော့မှာပါ။
အေစီမီလန် ထက်စာရင် စပါးက ကစားသမား အင်အားသာလွန်ခဲ့ပေမယ့်လည်း ဟယ်ရီကိန်း၊ ကူလူဆက်ဗ်စကီ၊ ပါရီဆစ် တို့လို တိုက်စစ် ကစားသမားတွေ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် အရေးနိမ့်ခဲ့တာလို့ ပြောရမှာပါ။ အေစီမီလန်ထက် တိုက်စစ်ဆင်မှု၊ ဂိုးပေါက် ကန်သွင်းချက်တွေ ရခဲ့ပေမယ့် သွင်းဂိုး ၁ ဂိုး ရအောင် မယူနိုင်ခဲ့ဘဲ အရေးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။
ကွန်တီ အတွက်တော့ စိတ်ပျက်စရာ ရလဒ် ဖြစ်ခဲ့ရပြီး စပါးနဲ့ လမ်းခွဲချင်နေတဲ့ သူ့ရဲ့ ဆန္ဒတွေက ပိုမို ထက်သန်လာဖွယ်ရာ ရှိပါတယ်။ သူ့လက်ထက် မှာလည်း စပါးက ထင်သလို ဖြစ်မလာခဲ့ဘဲ လိမ်ဖယ်လိမ်ဖယ်နဲ့သာ ခရီးဆက်နေရပြီး ပရီးမီးယားလိဂ် မှာလည်း ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အတွက် တော်တော်လေး ရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ ပွဲက နောက်ဆုံး အခွင့်အရေး ဖြစ်တယ်လို့ ဂွာဒီယိုလာ ပြောဆို
ပရီးမီးယားလိဂ်မှာ အာဆင်နယ်ကို အမီလိုက်နိုင်ဖို့ အားထုတ်နေရပြီး ဒီတပတ်မှာ အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ့်ပွဲ မတိုင်ခင် မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွာဒီယိုလာက အဆိုပါပွဲကို အာရုံစိုက်ကစားဖို့ သူ့အသင်းသားတွေကို ပြောဆိုလိုက်ပါတယ်။
“ ယေဘုယျအားဖြင့်တော့ ဗီလာနဲ့ ပွဲမှာ ကျနော်တို့ အရမ်းကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်၊ ပိုပြီးတော့ Press လုပ်နိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ဒုတိယပိုင်းမှာ ကျနော်တို့ တစ်ခုခုကို ချိန်ညှိခဲ့ရပြီး ပထမပိုင်းထက် ဒုတိယပိုင်းမှာ ပိုကောင်းခဲ့ပါတယ်၊ ကံဆိုးတာက အမှားတစ်ခု ကနေ ပေးဂိုး တစ်ဂိုး ခွင့်ပြုခဲ့ရတာပါ”
“ ဒါပေမယ့်လည်း တည်ကန်ဘောတွေ ကနေ ကျနော်တို့ ဂိုးတွေ ရအောင် သွင်းနိုင်ခဲ့ပြီး ယေဘုယျအားဖြင့် အရမ်းကောင်းတဲ့ ပွဲပါပဲ၊ ဒီအတွက် ကျနော် ပျော်ရွှင်ပါတယ်၊ ကျနော်တို့ နောက်မှာ အားလုံး ရှိနေပြီး ဒါက အာဆင်နယ်နဲ့ ကွာဟချက်ကို လျှော့ချနိုင်မယ့် နောက်ဆုံးသော အခွင့်အရေး အတွက် တကယ်ကို အရေးကြီးပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို ရယူဖို့ အတွက် ဆိုရင် နှစ်သင်းစလုံး အတွက် ဒီပွဲက အရေးပါနေပြီး မန်စီးတီးတို့ အခွင့်အရေး အရယူဖို့ လိုအပ်နေပါတယ်။
ကာတာ စော်ဘွားရဲ့ ယူနိုက်တက်ကို ဝယ်ယူမယ့် အစီအစဉ်ကို UEFA ကန့်ကွက်မှာ မဟုတ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းကို ဝယ်ယူဖို့ အတွက် ကြိုးပမ်းနေတဲ့ ကာတာရဲ့ ဥသျှောင်ဖြစ်သူ စော်ဘွား အယ်လ်သာနီဟာ သူ့ရဲ့ ကမ်းလှမ်းမှုကို ဒေါ်လာ ၄ ဘီလျံနဲ့ အထက်နဲ့ စတင် ကမ်းလှမ်းသွားမယ်လို့ သတင်းတွေ ထွက်လာပါတယ်။ သူနဲ့ အပြိုင် ဗြိတိန်ရဲ့ အချမ်းသာဆုံး သူဌေးကြီး ဆာ ရက်ကလစ်ဖ် ကလည်း ယူနိုက်တက်ကို ဝယ်ယူဖို့ ကြိုးပမ်းနေပါတယ်။
ကာတာရဲ့ ယူနိုက်တက်ကို အခုလို ဝယ်ယူဖို့ ကြိုးပမ်းနေမှုကို UEFA ဘက်က တစုံတရာ ကန့်ကွက်သွားစရာလည်း မရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီ ကိုလည်း ပိုင်ဆိုင်ထားတဲ့ စော်ဘွား အတွက် အသင်း နှစ်သင်းကို ပိုင်ဆိုင်အပြီး ချန်ပီယံလိဂ်မှာ ပိုင်ရှင်တူ အသင်း နှစ်သင်း ပြိုင်ခွင့်မရဘူး ဆိုတဲ့ စည်းကမ်းကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းကို တွေ့ရှိခဲ့ပြီလို့ ယုံကြည်ရပါတယ်။ စော်ဘွားဟာ အသင်း နှစ်သင်းကို မတူညီတဲ့ အဖွဲ့အစည်း နှစ်ခုနဲ့ ကိုင်တွယ်စေမှာ ဖြစ်ပြီး နည်းလမ်းအားဖြင့်လည်း ကွဲပြားအောင် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ကို ဝယ်ယူဖို့ အတွက် သူ့ရဲ့ ကမ်းလှမ်းမှုကို လာမယ့် သောကြာနေ့မှာ နောက်ဆုံးထား ပြုလုပ်သွားမယ်လို့လည်း အင်္ဂလန် မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


