အာဆင်နယ်ရဲ့ ရေရှည် မျှော်လင့်ချက် ဖြစ်တဲ့ ပရီးမီးယားလိဂ် ဖလားကို အရယူပေးခဲ့ပြီးနောက် လီအန်ဒရို ထရော့ဆက်ဒ်ဟာ တူရကီ ကလပ် ဘက်ဆစ်တပ်စ်ဆီ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံ အာဆင်နယ် အသင်းဟာ တိုက်စစ်မှူး ထရော့ဆက်ဒ်ကို ဘက်ဆစ်တပ်စ် အသင်းထံ အပြီးသတ် လက်လွှဲဖို့ သဘောတူညီမှု ရရှိသွားပြီလို့ အတည်ပြုလိုက်ပါတယ်။ လက်ရှိမှာ ဘယ်လ်ဂျီယံ ကြယ်ပွင့် ထရော့ဆက်ဒ်ဟာ ဆေးစစ်ချက် ခံယူဖို့ အတွက် အစ္စတန်ဘူလ်မြို့ဆီ သွားရောက်ဖို့ ခွင့်ပြုချက် ရရှိထားပြီး အင်္ဂါနေ့ နှောင်းပိုင်းမှာပဲ တူရကီမြေဆီ ရောက်ရှိလာမှာ ဖြစ်ပါတယ်။
ဒီအပြောင်းအရွှေ့ရဲ့ တန်ကြေး ကတော့ စုစုပေါင်း ပေါင် ၁၇ သန်း ဝန်းကျင် ရှိပြီး အခြေခံ ပြောင်းရွှေ့ကြေး ပေါင် ၁၅.၃ သန်းနဲ့ အပိုဆုကြေး ပေါင် ၁.၇ သန်း ခွဲခွဲခြားခြား ပေးချေသွားမှာ ဖြစ်ပါတယ်။ ဒါဟာ ထရော့ဆက်ဒ်ရဲ့ မြောက်လန်ဒန်မြေက ၃ နှစ်တာ ဖြတ်သန်းမှုကို အဆုံးသတ်လိုက်တာလည်း ဖြစ်ပါတယ်။ သူဟာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၁၇၄ ပွဲ အထိ ပါဝင် ကစားပေးခဲ့ပြီး ၃၆ ဂိုးသွင်း၊ ၃၁ ဂိုး ဖန်တီး (ဂိုးပါဝင်ပတ်သက်မှု ၆၇ ကြိမ်) အထိ စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒီစံချိန်ဟာ သူ အာဆင်နယ်ကို ရောက်ရှိလာကတည်းက ကြည့်ရင် ဘူကာယို ဆာကာ (၈၉ ဂိုး) ပြီးရင် အသင်းမှာ ဒုတိယ အကောင်းဆုံး စံချိန်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ထရော့ဆတ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီက အာဆင်နယ်တို့ ပရီးမီးယားလိဂ် ချန်ပီယံဆု ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့ရာမှာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့သူပါ။ သူဟာ လိဂ်ပွဲ ၃၁ ပွဲမှာ ၆ ဂိုးသွင်း၊ ၆ ဂိုး ဖန်တီးပေးခဲ့ပြီး နည်းပြ မီခဲလ် အာတေးတားရဲ့ အသင်းမှာ တိုက်စစ်မှူး ဗစ်တာ ယောကရက်စ် (၁၅ ကြိမ် – ၁၄ ဂိုးသွင်း၊ ၁ ဂိုးဖန်တီး) ပြီးရင် ဂိုးပါဝင် ပတ်သက်မှု အများဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။
အာဆင်နယ် အသင်းရဲ့ တရားဝင် ထုတ်ပြန်ချက် မှာတော့ “လီအန်ဒရို ထရော့ဆက်ဒ်ကို ဘက်ဆစ်တပ်စ် အသင်းထံ အပြီးသတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှဲဖို့ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း အတည်ပြုအပ်ပါတယ်။ ပြောင်းရွှေ့ကြေး ညှိနှိုင်းမှု အဆင်ပြေသွားခဲ့တာကြောင့် လီယို အနေနဲ့ တူရကီ စူပါလိဂ် ကလပ်ဆီ ပြောင်းရွှေ့ဖို့ ဆေးစစ်မှု ခံယူတာနဲ့ လိုအပ်တဲ့ စာရွက်စာတမ်းကိစ္စတွေ အပြီးသတ်နိုင်ဖို့ အစ္စတန်ဘူလ်ကို သွားရောက်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ လုံးဝ အပြီးသတ်သွားရင် နောက်ထပ် သတင်းထုတ်ပြန်ပေးသွားမှာပါ။” လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရာသီက တူရကီ စူပါလိဂ်မှာ အဆင့် ၄ နေရာနဲ့ အဆုံးသတ်ခဲ့လို့ အသင်းကို အကြီးအကျယ် ပြုပြင် ပြောင်းလဲနေတဲ့ ဘက်ဆစ်တပ်စ် အတွက်တော့ ထရော့ဆက်ဒ်ဟာ ၇ ဦးမြောက် ခေါ်ယူလိုက်တဲ့ ကစားသမားသစ် ဖြစ်လာပါတယ်။ တစ်ဖက် မှာလည်း ဘယ်လ်ဂျီယံ လက်ရွေးစင် ထရော့ဆက်ဒ် အသင်းက ထွက်ခွာသွားတာကြောင့် အာဆင်နယ်တို့ အနေနဲ့ ကစားသမားသစ် ထပ်မံ ဖြည့်တင်းဖို့ နေရာလွတ် ရသွားခဲ့ပြီး ဒီနွေရာသီမှာ ဘယ်တောင်ပံ တိုက်စစ် နေရာကို ဦးစားပေး အားဖြည့်သွားဖို့ ရှိနေပါတယ်။ စာချုပ် သက်တမ်း ၁ နှစ်သာ ကျန်တော့တဲ့ ဂါဘရီရယ် မာတင်နယ်လီ ကိုလည်း အပြောင်းအရွှေ့ဈေးကွက်တင်ထားပြီး၊ သူ့နေရာမှာ အစားထိုးဖို့ အက်စတွန်ဗီလာရဲ့ မော်ဂန် ရော်ဂျာစ် သို့မဟုတ် ပီအက်စ်ဂျီရဲ့ ဘရက်ဒ်လေ ဘာကိုလာ တို့ကို ခေါ်ယူဖို့ အာဆင်နယ်တို့ စဉ်းစားနေပါတယ်။
အက်စတွန်ဗီလာ ဘက်ကတော့ ရော်ဂျာစ်ရဲ့ တန်ကြေးကို ပေါင် သန်း ၁၃၀ ခန့် အထိ သတ်မှတ်ထားပြီး ဒါဟာ လွန်ခဲ့တဲ့ ၁၂ လက လစ်ဗာပူးလ် အသင်း အလက်ဇန္တား အိဆက်ခ်ကို ခေါ်ယူစဉ်က စံချိန်တင်ခဲ့တဲ့ ဗြိတိန်ရဲ့ အမြင့်ဆုံး ပြောင်းရွှေ့ကြေး စံချိန် ကိုတောင် ကျော်လွန်သွားနိုင်ပါတယ်။
အသက် ၂၃ နှစ်အရွယ် ရော်ဂျာစ် ကတော့ လက်ရှိမှာ အင်္ဂလန် လက်ရွေးစင် အသင်းနဲ့ အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဆင်နွှဲနေသလို၊ ပြီးခဲ့တဲ့ ရာသီက နည်းပြ အူနိုင်း အမ်မရီရဲ့ ဗီလာ အသင်းကို ယူရိုပါလိဂ် ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့သူပါ။ သူဟာ ၂၀၂၄ ဖေဖော်ဝါရီလက ဗီလာပါ့ခ်ဆီ ရောက်ရှိလာကတည်းက ပြိုင်ပွဲစုံ ၁၂၅ ပွဲမှာ ၃၁ ဂိုးသွင်း၊ ၂၅ ဂိုး ဖန်တီး (ဂိုးပါဝင်ပတ်သက်မှု ၅၆ ဂိုး) အထိ ပြုလုပ်ပေးထားတာ ဖြစ်ပြီး၊ ဒါဟာ အဆိုပါကာလအတွင်း ပရီးမီးယားလိဂ်မှာ ရှိတဲ့ အင်္ဂလန် ကစားသမားတွေထဲမှာ အိုလီ ဝက်ကင်းစ် (၇၄ ဂိုး)၊ ကိုးလ် ပါးလ်မာ (၆၇ ဂိုး) နဲ့ ဂျာရော့ဒ် ဘိုဝင် (၅၇ ဂိုး) တို့ ပြီးရင် စတုတ္ထမြောက် အများဆုံး စံချိန်လည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


