ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲစဉ် တစ်ပွဲ မှာတော့ ချဲလ်ဆီးက ကာဒစ်ဖ်စီးတီးကို အဝေးကွင်းမှာ ၁-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ချဲလ်ဆီးက လူစားဝင် ကစားသမား ဂါနာချိုရဲ့ ခြေစွမ်းပြမှုနဲ့ အတူ နိုင်ပွဲ ရခဲ့တာ ဖြစ်ပြီး ခရာဘောင်ဖလား ဆီမီးဖိုင်နယ် အဆင့်ကို သက်တောင့်သက်သာ တက်လှမ်းသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ပွဲတွေ ဆက်နေပြီး လိဂ်ဝမ်း အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ကာဒစ်ဖ်ကို ချဲလ်ဆီးက အဘက်ဘက်မှာ အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ပထမပိုင်းမှာ ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ အန်ဇို မာရက်စ်ကာ အနေနဲ့ သိပ်ပြီး အရေးမပါတဲ့ ဖလား ပွဲစဉ် ဖြစ်နေတာကြောင့် အရန် ကစားသမားတွေ ဖြစ်တဲ့ မာ့ခ် ဂီယူ၊ ဘူအန်နော့တီ၊ ဂျော့ဂျ်၊ အာချင်မ်ပေါင်၊ ဟာတို၊ ဂျော်ဂျင်ဆန် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဂီယူနဲ့ ဘူအန်နော့တီတို့ ကစားပုံ မဆိုးခဲ့ပေမယ့် တောင်ပံ နှစ်ဖက်က ဂျော့ဂျ်နဲ့ ဂစ်တန်စ်တို့ ပထမပိုင်း တစ်ပိုင်းလုံး ပုပ်နေခဲ့ပါတယ်။ ဒါကြောင့် ဒုတိယပိုင်း မှာတော့ အန်ဇို မာရက်စ်ကာ အလက်ဟန်ဒရို ဂါနာချို၊ ယာအို ပက်ဒရို၊ ပက်ဒရို နတ်တိုတို့ ထည့်ခဲ့သလို မာလို ဂူစတို ကိုပါ ထည့်သွင်းခဲ့တာကြောင့် ချဲလ်ဆီးတို့ တိုက်စစ် ကစားပုံ သိသိသာသာ အားကောင်းသွားခဲ့ပါတယ်။
ပွဲချိန် ၅၇ မိနစ်မှာ ဂါနာချိုက ချဲလ်ဆီး အတွက် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ကာဒစ်ဖ် ကလည်း ချဲလ်ဆီးကို ကောင်းကောင်း ဒုက္ခပေးနေဆဲ ဖြစ်ပြီး ၇၅ မိနစ် မှာတော့ တန်းဘူးလ်က ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးရဲ့ တရစပ် ဖိအားပေးမှုတွေကြောင့် ကာဒစ်ဖ် ခံစစ်က အမှားတွေ များလာခဲ့ပြီး ၈၂ မိနစ်မှာ နတ်တို၊ ၉၀+၃ မိနစ်မှာ ဂါနာချိုရဲ့ ဂိုးတွေကို ခွင့်ပြုပေးခဲ့ရကာ ပွဲအပြီးမှာတော့ ခြင်္သေ့ပြာတို့က ၁-၃ နဲ့ အနိုင်ရသွားခဲ့ပါတယ်။

အချက်အလက်တွေအရ ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စကာဟာ အသင်းကို ၇ လ အတွင်း ၃ ကြိမ်မြောက် ပြိုင်ပွဲတွေရဲ့ ဆီမီးဖိုင်နယ် ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အီတလီ လူမျိုး နည်းပြဟာ ၂၀၂၄ နွေရာသီမှာ လန်ဒန် ကလပ်ကို စတင် ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ ယူရိုပါကွန့်ဖရန့်လိဂ်နဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ချန်ပီယံဆုတွေ ရယူပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် မာရက်စကာ အနေနဲ့ ၂၀၂၅ မေလမှာ ယူရိုပါကွန့်ဖရန့်လိဂ် ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့ခြင်းက ချဲလ်ဆီး နည်းပြဘဝ ပထမဦးဆုံး ဆီမီးဖိုင်နယ် ဖြစ်ခဲ့သလို ဇူလိုင်လမှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို ရောက်ရှိခြင်းက ဒုတိယမြောက် ဆီမီးဖိုင်နယ် ဖြစ်ခဲ့ပါတယ်။
လက်ရှိ ခရာဘောင်ဖလား ကွာတားဖိုင်နယ်မှာ ကာဒစ်ဖ်ကို အနိုင်ရရှိပြီး ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့တာကြောင့် မာရက်စ်ကာ အနေနဲ့ ၇ လ အတွင်း တတိယအကြိမ်မြောက် အသင်းကို ဆီမီးဖိုင်နယ်ဆီ ပို့ဆောင်နိုင်ခဲ့ခြင်း အဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။
မာရက်စ်ကာက ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ချဲလ်ဆီး ပရိသတ်တွေ အနေနဲ့ သူ့အပေါ် အားပေး ထောက်ခံမှု နည်းပါးနေကြောင်း ပြောကြားခဲ့တာကြောင့် ကာဒစ်ဖ်နဲ့ ပွဲမှာ ပရိသတ်တွေက သူ့ရဲ့ နာမည်ကို သီချင်းလုပ် သီဆိုကာ အားပေးခဲ့ကြပါတယ်။ ဒီအတွက် မာရက်စကာက ပျော်ရွှင်မိကြောင်းနဲ့ အသင်း အနိုင်မရရင် ပရိသတ်တွေ မပျော်ရွှင်တာ ကိုလည်း မိမိနားလည်ကြောင်း ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ လာမယ့် ခရာဘောင်ဖလား ဆီမီးဖိုင်နယ် မှာတော့ မန်စီးတီး-ဘရန့်ဖို့ဒ် ပွဲက အနိုင်ရတဲ့ အသင်းနဲ့ ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ မှာ ရပ်တည်နေတဲ့ ချဲလ်ဆီးဟာ လာမယ့် ၂၉ ရက်နေ့ မှာတော့ နယူးကာဆယ်ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီပွဲ ပြီးရင်တော့ အက်စတွန်ဗီလာ၊ ဘုန်းမောက်၊ မန်စီးတီး စတဲ့ အသင်းကောင်းတွေနဲ့ ဆက်တိုက် ရင်ဆိုင်ရဦးမှာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


