အာဆင်နယ် ကတော့ နှစ်ပေါင်း ၂၀ အတွင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ပထမဦးဆုံး အကြိမ် တက်ရောက်နိုင်ခဲ့ပြီးနောက် ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြပါတယ်။ ဒီလို ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့မှုကို ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြခြင်း အပေါ် ဝေဖန် ပြစ်တင်မှုတွေ ရှိခဲ့ပေမယ့်လည်း နည်းပြ ဖြစ်သူ မီခဲလ် အာတေးတာက သူ့ရဲ့ အသင်းသားတွေ ဘက်ကနေ မားမားမတ်မတ် ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ်ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ အဖြစ် အက်တလက်တီကိုမက်ဒရစ်ကို အိမ်ကွင်းမှာ ၁-၀နဲ့ အနိုင်ယူပြီး၊ နှစ်ကျော့ပေါင်း ရလဒ် ၂-၁ နဲ့ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် မေလ ၃၀ ရက်နေ့ ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့မှာ ပီအက်စ်ဂျီနဲ့ ဗိုလ်လုပွဲ အဖြစ် ရင်ဆိုင်ကစားရတော့မှာ ဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် ဂန်းနား တို့ဟာ တစ်ရာသီ အတွင်း ပြိုင်ပွဲစုံ အနိုင်ရရှိမှု အများဆုံး စံချိန် ဖြစ်တဲ့ ၄၁ ပွဲနိုင် စံချိန် ကိုလည်း ပြန်လည် အမီလိုက်နိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ အဲဒီ စံချိန်ဟောင်းကို ၁၉၇၀-၇၁ ရာသီ (ပထမတန်းလိဂ်ဖလားနဲ့ အက်ဖ်အေဖလား နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်ခဲ့တဲ့ရာသီ) က တင်ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဥရောပဖလား/ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် သူတို့ရဲ့ အရှည်ကြာဆုံး ရှုံးပွဲ မရှိ စံချိန် (၁၄ ပွဲ ဆက်တိုက်) ကိုပါ ကျော်ဖြတ်နိုင်ခဲ့တဲ့ အောင်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကွင်း အတွင်း ကစားသမားတွေနဲ့ နည်းပြ မီခဲလ် အာတေးတားတို့ အရူးအမူး အောင်ပွဲခံခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် အသင်းရဲ့ ပျော်ရွှင်မှု အပေါ် တချို့က ဝေဖန်ခဲ့ကြပြီး၊ အထူးသဖြင့် ဝိန်း ရူနီက ဖလား မရသေးဘဲ အခုလို အောင်ပွဲခံခြင်းက “ နည်းနည်းလွန်လွန်းတယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
သတင်းထောက်တွေ ဒီဝေဖန်မှုနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ အာတေးတားက “ကျွန်တော် အဲဒီအကြောင်း မသိလိုက်ပါဘူး။ ဒါပေမယ့် ထင်မြင်ချက်တိုင်း ကိုတော့ လေးစားရမှာ ဖြစ်ပြီး ဘယ်လောက် အထိ အရေးပါတယ်ဆိုတာ ကိုပဲ ကိုယ့်ဘာသာ သတ်မှတ်ရပါမယ်။ ဒါက သိပ်ပြီး အရေးမကြီးပါဘူး။ ဝေဖန်မှုတွေမှာ ကောင်းတာရော ဆိုးတာရော ရှိမယ်လို့ ကျွန်တော် ယူဆပါတယ်။”
“ဒါက သင့်ကို ပိုကောင်းလာစေပါတယ်။ ပိုမိုမြင့်မားတဲ့ စံနှုန်းတွေကို သတ်မှတ်ပြီး ဥရောပရဲ့ အကျော်ကြားဆုံး ပြိုင်ပွဲကြီး နှစ်ခုလုံးမှာ ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့ အဆင့်အတန်းမျိုး ရောက်အောင် စွမ်းဆောင်ချင်ကြတာပဲလေ။ ဒီလို ဝေဖန်မှုမျိုးကို ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေရပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါက သင့်ကို ပိုပြီးတိုးတက်စေတာ သေချာလို့ပါပဲ။” လို့ တုံ့ပြန် ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံလုပွဲဆီ ပြန်လည် အာရုံစိုက်ခြင်း

ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ လကုန်ပိုင်း အထိ ခေတ္တရပ်နားသွားပြီ ဖြစ်တာကြောင့် အာဆင်နယ်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ ကစားရမယ့် ဝက်စ်ဟမ်းနဲ့ ပွဲစဉ် အပါအဝင် ပရီးမီးယားလိဂ် ချန်ပီယံလုပွဲဆီကို ပြန်လည် အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။
လက်ရှိမှာ အာဆင်နယ် အသင်းဟာ ဇယားထိပ်ပိုင်းမှာ ဒုတိယနေရာက မန်ချက်စတာစီးတီးကို ၅ မှတ် ဖြတ်ကာ ဦးဆောင်နေပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်နဲ့ ပွဲမကစားမီ တစ်ရက် အလိုမှာ မန်စီးတီးက ဘရန့်ဖို့ဒ်နဲ့ ကစားရမှာ ဖြစ်လို့ အဲဒီပွဲ အပြီးမှာ ရမှတ် ကွာဟချက် ၃ မှတ် အထိ ကျဉ်းမြောင်းသွားနိုင်ပါတယ်။ မန်စီးတီး ကတော့ ကစားဖို့ ပရီးမီးယားလိဂ် ၄ ပွဲ ကျန်ရှိနေသေးပြီး ဂန်းနား တို့ကတော့ ၃ ပွဲသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
အာဆင်နယ် အနေနဲ့ ဝက်စ်ဟမ်းကွင်းကို သွားရောက် ကစားခဲ့တဲ့ နောက်ဆုံး နှစ်ကြိမ်စလုံးမှာ အနိုင်ရရှိထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီတစ်ကြိမ် မှာတော့ တန်းမဆင်းရရေး အတွက် အသည်းအသန် ရုန်းကန်နေရတဲ့ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အာတေးတားက ဆက်လက်ပြီး “နှစ်သင်းစလုံး အတွက် ဒီပွဲရဲ့အခြေအနေက ဘယ်လောက် အထိ အရေးကြီးလဲ ဆိုတာ သိသာလှပါတယ်။ ပွဲစဉ်ရဲ့ လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ နားလည်ထားသလို၊ ပွဲနိုင်ဖို့ ဘာတွေလုပ်ရမလဲ ဆိုတာလည်း သိပါတယ်။ အဓိက ကတော့ လက်ရှိအခြေအနေ ကိုပဲ အာရုံစိုက်ပြီး၊ တစ်ရာသီလုံး ပြသခဲ့တဲ့ တွန်းအား၊ ဆာလောင်မှုနဲ့ ဆန္ဒတွေကို ဒီပွဲမှာ အပြည့်အဝ (သို့မဟုတ်) ဒီထက်မက ပိုမိုပြသသွားဖို့ပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် တို့ဟာ ချန်ပီယံဆုနဲ့ ပိုပြီးတော့ နီးစပ်လာနေပြီ ဖြစ်လို့ အခုလုပ်ဆောင်သမျှ အရာ အားလုံးက ဖလားရ၊ မရ ဆိုတာကို အဆုံးအဖြတ်ပေးသွားမှာ ဖြစ်လို့ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


