ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ကတော့ အသင်းရဲ့ နည်းပြ နူရီ ဆာဟင်ကို ရာထူး ကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း အတည်ပြု ကြေညာသွားခဲ့ပါတယ်။
ဒေါ့မန်ဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အဝေးကွင်း ပွဲစဉ်မှာ ဘိုလော့ဂ်နာကို ၂-၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဆာဟင်ကို ထုတ်ပယ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒေါ့မန်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပြီး ဒီမတိုင်ခင် ကလည်း ဆာဟင် အနေနဲ့ ဘိုလော့ဂ်နာနဲ့ ပွဲမှာ ရလဒ် မကောင်းခဲ့ရင် ထုတ်ပယ်ခံရဖို့ ရှိနေတယ် ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါသေးတယ်။
အသက် ၃၆ နှစ် အရွယ်သာ ရှိသေးတဲ့ ဒေါ့မန် ကွင်းလယ် ကစားသမားဟောင်း နူရီ ဆာဟင် ကတော့ ပြီးခဲ့တဲ့ နွေရာသီမှာ အီဒင် တာဇစ်ရဲ့ နေရာကို အစားထိုး ဝင်ရောက်ခဲ့တဲ့ နည်းပြလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီမှာ ဆာဟင်က ဒေါ့မန်ကို ရလဒ်ကောင်းတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း မရှိပဲ ဖိအားတွေနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဆာဟင်ဟာ ဒေါ့မန်ကို ပြိုင်ပွဲစုံ ၂၆ ပွဲ ကိုင်တွယ်ရာမှာ ၁၂ ပွဲနိုင်၊ ၄ ပွဲ သရေ၊ ၁၀ ပွဲ ရှုံး ရလဒ် ရရှိအောင်သာ စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့်လည်း အသင်း ဘက်က လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါ ကလပ်ဟာ ဆာဟင်ကို ရာထူး ကနေ ထုယ်ပယ်ပြီးနောက် မှာတော့ မန်ချက်စတာယူနိုက်တက် နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ်နဲ့ အစားထိုး ခန့်အပ်ဖို့ စီစဉ်ထားကြောင်းလည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ တန်ဟက်ဂ် ကတော့ ၂၀၂၄ ခုနှစ် နိုဝင်ဘာမှာ ယူနိုက်တက် နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရပြီးနောက် လက်ရှိမှာ အသင်း လက်မဲ့ ဖြစ်နေသူလည်း ဖြစ်ပါတယ်။ အဲရစ်ခ် တန်ဟက်ဂ်က အေဂျက်စ်မှာ ဆုဖလား အောင်မြင်မှုတွေ ရရှိခဲ့ပြီးတော့ နိုင်ပွဲ ရာခိုင်နှုန်းလည်း ၇၄ ရာခိုင်နှုန်း အထိ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် တန်ဟက်ဂ်ဟာ ယူနိုက်တက်ကို ရောက်ရှိချိန်မှာ ဝေဖန်မှု များစွာနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ခရာဘောင်ဖလား တစ်ကြိမ်နဲ့ အက်ဖ်အေဖလား တစ်ကြိမ် ရယူပေးနိုင်ခဲ့ပါတယ်။ တန်ဟက်ဂ်ဟာ ယူနိုက်တက်ကို ကိုင်တွယ်စဉ်မှာ အားရစရာ ကောင်းတဲ့ အသင်းမျိုး အဖြစ် မတည်ဆောက်နိုင်ခဲ့ပေမယ့် အနိုင်ရာခိုင်နှုန်း ၅၆ ရာခိုင်နှုန်း အထိတော့ ရရှိခဲ့ပါတယ်။ တစ်ဖက် မှာလည်း ဒေါ့မန် ကတော့ တန်ဟက်ဂ် အပြင် ဘွန်ဒက်စ်လီဂါ ကလပ် စတုဂတ်ရဲ့ နည်းပြ ဆဘက်ရှန် ဟိုးနက်စ် ကိုလည်း နည်းပြ အဖြစ် ခန့်အပ်ဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
ဒေါ့မန်ဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါ မှာ ၁၈ ပွဲ ကစားထားပြီး ၇ ပွဲနိုင်၊ ၄ ပွဲ သရေ၊ ၇ ပွဲ ရှုံးကာ ရမှတ် ၂၅ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် မှာတော့ ဒေါ့မန်က ၄ ပွဲနိုင်၊ ၃ ပွဲ ရှုံးပြီး ရမှတ် ၁၂ မှတ်နဲ့ လိဂ် အဆင့် အဆင့် ၁၃ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.