MetLife Stadium မှာ ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ မှာတော့ စပိန် အသင်းဟာ ပွဲစချိန်ကတည်းက ပြိုင်ဘက် အာဂျင်တီးနားကို စိုးမိုး ကစားသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ စပိန်က အချိန်ပိုမှာ ၁-၀ နဲ့ အနိုင်ယူကာ သမိုင်းဝင် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့တာ ဖြစ်ပါတယ်။
ပွဲချိန် မိနစ် ၉၀ မိနစ် အတွင်းမှာ စပိန်တို့ ဘောလုံး ပိုကိုင်ပြီး ထိန်းချုပ်ထားနိုင်ခဲ့ပေမယ့် ဂိုးတော့ မရခဲ့ပါဘူး။ အာဂျင်တီးနားက ပင်နယ်တီ အဆုံးအဖြတ် အထိ ဆွဲခေါ်ဖို့ ကြိုးစားခဲ့ပေမယ့် ၁၀၆ မိနစ် မှာတော့ လာမင်း ယာမယ်ရဲ့ ဖြတ်တင်ဘော ကနေ နီကို ဝီလီယမ်စ် ခေါင်းတိုက် ဖန်တီးပေးတာကို ဖာရန် တောရက်စ်က အမှားအယွင်းမရှိ အပိုင်ကန်သွင်းပြီး စပိန်အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် အခုပွဲ ကနေ သတိထားမိခဲ့တဲ့ အဓိက ၆ ချက်ကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
၁။ မက်ဆီကို ထိန်းချုပ်ဖို့ လူးဝစ် ဒီလာဖွန်တေရဲ့ အစီအစဉ် အောင်မြင်ခဲ့ခြင်း
“ကျွန်တော်တို့ မက်ဆီကို လူကပ်ကစားမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် စောင့်ကြည့်သွားမှာပါ” လို့ ပွဲမတိုင်ခင် စပိန် နည်းပြ ဒီလာဖွန်တေ ပြောခဲ့တဲ့ နည်းဗျူဟာက တကယ်ပဲ အလုပ် ဖြစ်ခဲ့ပါတယ်။ အဲလက်စ် ဘာအီနာ၊ မာ့ခ် ကူကူရယ်လာ၊ အမ်းမရစ်ခ် လာပေါ့တ်၊ ဖာဘီယန် ရူအစ်ဇ်နဲ့ ရိုဒရီ တို့ဟာ မက်ဆီကို ထိန်းချုပ်ရုံတင်မကဘဲ သူ့ဆီ ဘောလုံးမရောက်နိုင်အောင် ဘောလုံးလမ်းကြောင်းတွေ ကိုပါ ပိတ်ဆို့ထားခဲ့ကြပါတယ်။ ဒါကြောင့်မို့လို့ မက်ဆီဟာ ပထမပိုင်းမှာ ဘောလုံး ထိချက် ၁၅ ကြိမ်နဲ့ ဂိုးဧရိယာနား မရောက်တဲ့ ပေးပို့မှု ၉ ကြိမ်ပဲ ပြုလုပ်နိုင်ခဲ့ပြီး၊ အာဂျင်တီးနား တိုက်စစ် တစ်ခုလုံး အချိတ်အဆက် ပြတ်တောက်သွားခဲ့ရပါတယ်။
၂။ စပိန်ရဲ့ ထုံးစံအတိုင်း ပွဲကို စိုးမိုး ကစားသွားနိုင်ခဲ့ခြင်း

အာဂျင်တီးနား နည်းပြ လီယွန်နယ် စကာလိုနီက ကွင်းလယ်မှာ အန်ဇို ဖာနန်ဒက်စ်နဲ့ မက် အယ်လစ္စတာ နှစ်ယောက်တည်း ကိုပဲ အဓိကထား ကစားစေခဲ့တာကြောင့် စပိန်ရဲ့ ရိုဒရီ၊ ရူအစ်ဇ်၊ ဒန်နီ အော်လမိုနဲ့ ဘာအီနာတို့ ပါဝင်တဲ့ ကွင်းလယ်ပိုင်းက ပွဲကို ရေလို ကစားသွားခဲ့ပါတယ်။ စပိန်ရဲ့ ကစားကွက် ရွှေ့လျားမှုတွေနဲ့ ဖိအားပေးမှုတွေကြောင့် အာဂျင်တီးနား ခံစစ်မှူးတွေ ဖြစ်တဲ့ လီဆန်ဒရို မာတီနက်ဇ်နဲ့ ခရစ်စတီယန် ရိုမီယိုတို့ ဒဏ်ရာနဲ့ လူစားလဲခဲ့ရတဲ့ အထိ ရုပ်ပိုင်းဆိုင်ရာ ဖိအားတွေ ကြုံခဲ့ရပါတယ်။ ၁၉၆၆ နောက်ပိုင်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲသမိုင်းမှာ ဂိုးပေါက် ကန်ချက် တစ်ချက်မှ မရှိဘဲ ပင်နယ်တီ အထိ ဆွဲခေါ်ဖို့ပဲ ကြိုးစားခဲ့တဲ့ အာဂျင်တီးနားကို စပိန်က ပွဲချိန်တစ်ခုလုံး အသာစီးနဲ့ ကစားသွားခဲ့တာပါ။
၃။ ၂၀၁၀ အောင်ပွဲကို ပြန်လည် မြင်ယောင်စေခဲ့ခြင်း
လွန်ခဲ့တဲ့ ၁၆ နှစ်က ၂၀၁၀ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတုန်းကလည်း စပိန်ဟာ နယ်သာလန်ကို အပြိုင်အဆိုင် ကစားခဲ့ရပြီး အချိန်ပို ၁၁၇ မိနစ်ကျမှ အန်ဒရီယာ့စ် အင်နီယေစတာရဲ့ ဂိုးနဲ့ ပထမဆုံး ချန်ပီယံ ဖြစ်ခဲ့တာပါ။ အခုလည်း အဆိုပါ အခြေအနေအတိုင်း အာဂျင်တီးနား ဘက်က အန်ဇို ဖာနန်ဒက်စ် အနီကတ်နဲ့ ထွက်ခဲ့ရသလို၊ အချိန်ပိုကျမှ ဖာရန် တောရက်စ်က အနိုင်ဂိုး သွင်းပြီး ၂၀၁၀ သမိုင်းကို ပြန်လည် ဆန်းသစ်ပေးခဲ့ပါတယ်။
၄။ ဝေဖန်မှုတွေကို အနိုင်ဂိုးနဲ့ အကောင်းဆုံး တုံ့ပြန်ခဲ့သူ ဖာရန် တောရက်စ်
လွန်ခဲ့တဲ့ နှစ်တွေ အတွင်း ပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ သရော်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့ ဖာရန် တောရက်စ်ဟာ ဒီပွဲမှာတော့ စပိန် အမျိုးသား အသင်း သမိုင်းမှာ ဒုတိယ အရေးအကြီးဆုံး အနိုင်ဂိုးကို သွင်းယူပြီး သူရဲကောင်း ဖြစ်လာခဲ့ပါတယ်။ ပြိုင်ပွဲ တစ်ခုလုံးမှာ ယုံကြည်မှု ပျောက်ဆုံးနေသလို ထိရောက်မှု မရှိခဲ့ပေမယ့်၊ အရေးကြီးဆုံး ဗိုလ်လုပွဲရဲ့ အချိန်ပို ၁၀၆ မိနစ် မှာတော့ ဘယ်ခြေနဲ့ အပိုင်ကန်သွင်းပြီး စပိန် အတွက် ကမ္ဘာ့ဖလားဆုကို ယူဆောင်ပေးခဲ့တာကြောင့် အတိုက်အခိုက်ခံရသူ ကနေ သမိုင်းဝင် သူရဲကောင်း အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။
၅။ ရိုဒရီနဲ့ ပါအူ ကူဘာဆီတို့ ဆုတံဆိပ်တွေ သိမ်းပိုက်ခြင်း
ပြိုင်ပွဲ တစ်ခုလုံးမှာ စပိန်ရဲ့ ကစားကွက်ကို အကောင်းဆုံး ထိန်းကျောင်းပေးခဲ့တဲ့ မန်စီးတီး ကွင်းလယ်လူ ရိုဒရီဟာ ၂၀၂၆ ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး ကစားသမားဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့ပါတယ်။ တစ်ဖက် မှာလည်း အသက် ၁၉ နှစ် အရွယ် ဘာစီလိုနာ နောက်ခံလူ ပါအူ ကူဘာဆီဟာ စပိန် အသင်း ပွဲစဉ် ၈ ပွဲမှာ ၇ ပွဲ အထိ ပေးဂိုး မရှိ စံချိန် ရအောင် ကူညီပေးခဲ့ပြီး အကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။
၆။ အသက် ၁၉ နှစ် မှာတင် လက်ရွေးစင် ဘောလုံး လောကကို အနိုင်ပိုင်းလိုက်တဲ့ လာမင်း ယာမယ်
ဘာစီလိုနာ ပါရမီရှင် လာမင်း ယာမယ်ဟာ ပေါင်ဒဏ်ရာကြောင့် ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရသလို ရှိခဲ့ပေမယ့် ဗိုလ်လုပွဲမှာ တစ်ဦးချင်း ကျော်ဖြတ်မှု ၅ ကြိမ် အထိ ပြုလုပ်ပြီး ပြိုင်ဘက် ခံစစ်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ အသက် ၁၉ နှစ် မပြည့်သေးခင်မှာတင် ယူရိုနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုတွေကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် လက်ရွေးစင် ကစားသမား ဘဝမှာ ရစရာ ဆုကြီးတွေ အကုန်ရရှိပြီးသွားပြီ ဖြစ်ပါတယ်။ မက်ဆီနဲ့ ယာမယ် တို့ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှုမှာ ယာမယ်ရဲ့ စပိန် အသင်း အနိုင်ရရှိခဲ့တာဟာ ဘောလုံးလောကရဲ့ မျိုးဆက်သစ်ဆီ လက်ဆင့်ကမ်းလိုက်တဲ့ သမိုင်းဝင် အခိုက်အတန့်လည်း ဖြစ်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


