ပွဲကစားချိန်တွေ တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားတာနဲ့အမျှ ပြင်သစ် ကစားသမားတိုင်းရဲ့ မျက်နှာပေါ်မှာ မျှော်လင့်ချက်မဲ့ တုန်လှုပ် ခြောက်ခြားမှုတွေကို အထင်အရှား မြင်တွေ့ခဲ့ရပါတယ်။ အဲဒီနောက် ပွဲသိမ်းခရာမှုတ်ချိန် မှာတော့ သူတို့ရဲ့ ကမ္ဘာ့ဖလား အိပ်မက်တွေဟာ မျက်စိရှေ့တင်ပဲ ဖရိုဖရဲ ပျက်စီးသွားခဲ့ရပါတယ်။
ပြင်သစ်ဟာ ဆီမီးဖိုင်နယ် အဆင့်ကို မရောက်ခင် ကတည်းက ဒီနှစ် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း အဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ ဒါပေမယ့် ပြင်သစ်ရဲ့ ၃ ကြိမ် ဆက်တိုက် ကမ္ဘာ့ဖလား ဗိုလ်လုပွဲဆီ တက်လှမ်းဖို့ ကြိုးစားတဲ့ လမ်းကြောင်းကို နည်းပြ လူးဝစ် ဒီလာဖွန်တေးရဲ့ စပိန် အသင်းက သူတို့ကို အဘက်ဘက်က အသာစီးယူ ထိန်းချုပ်ပြီး ရပ်တန့်ပြသွားခဲ့ပါတယ်။ ကစားသမား တစ်ဦးချင်းစီရဲ့ အားနည်းတဲ့ ခြေစွမ်း၊ အဓိကနောက်ခံလူရဲ့ စိတ်ပျက်စရာ ဒဏ်ရာ ပြဿနာနဲ့ ရှောင်လွှဲလို့ မရတဲ့ အမှားအယွင်းတွေဟာ ပြီးပြည့်စုံခဲ့တဲ့ ပြင်သစ်ရဲ့ ကမ္ဘာ့ဖလား ခရီးစဉ်ကို ရုတ်တရက် အဆုံးသတ်စေခဲ့ပြီး အိမ်ပြန်လမ်းဆီ ပို့ဆောင်လိုက်တာ ဆိုရင်လည်း မမှားပါဘူး။
ပွဲကစားချိန် ၂၂ မိနစ်မှာ ပြင်သစ် နောက်ခံလူ လူးကပ်စ် ဒစ်ဂ်နီး ပေးလိုက်ရတဲ့ ပင်နယ်တီကို စပိန် တိုက်စစ်မှူး မီခဲလ် အိုယာဇာဘယ်က အမှားအယွင်း မရှိ ကန်သွင်းသွားတဲ့ အချိန်ကတည်းက နည်းပြ ဒီဒီယာ ဒက်စ်ရွှမ့်စ်ရဲ့ ပြင်သစ် အသင်းဟာ လုံးဝ လဲပြိုသွားခဲ့တာပါ။ ၂၀၁၈ ကမ္ဘာ့ချန်ပီယံဟောင်း ပြင်သစ်တို့ အနေနဲ့ ၁-၀ နဲ့ အရေးနိမ့်နေချိန်မှာ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ လုပ်ဖို့ လိုအပ်ခဲ့ပေမယ့် ဖြစ်လာခဲ့တာ ကတော့ ပွဲကစားချိန် မိနစ် ၆၀ မတိုင်ခင်မှာပဲ ပက်ဒရို ပေါ်ရိုကို ဒုတိယဂိုး ထပ်မံ ခွင့်ပြုလိုက်ရတာပဲ ဖြစ်ပါတယ်။ ပွဲသိမ်း ခရာမှုတ်လိုက်တဲ့ အချိန် မှာတော့ ပြင်သစ် တို့ဟာ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အတူ စပိန် အသင်းရဲ့ သက်တောင့်သက်သာ အောင်ပွဲခံမှုကို ရင်နာနာနဲ့ ငေးကြည့်နေခဲ့ရပါတော့တယ်။
ဒီပွဲကနေ ကောက်နုတ်ချက်အနေနဲ့ သုံးသပ်စရာ ၄ ချက် ရှိလာခဲ့ပါတယ်။
၁။ စပိန်ဟာ ပြင်သစ်ရဲ့ ကျိန်စာအသင်း ဖြစ်လာခြင်း
ပွဲမစခင်ကတည်းက စပိန် လူငယ် ကြယ်ပွင့် လာမင်း ယာမယ်က “ပြင်သစ် အသင်း တစ်သင်းသင်းကို ကြောက်ရမယ် ဆိုရင် အဲဒါ ငါတို့ပဲ ဖြစ်ရမယ်”လို့ ပြောခဲ့ဖူးပါတယ်။ အားလုံးက သူ့ရဲ့ ယုံကြည်ချက်ကို လှောင်ပြောင်ခဲ့ကြပေမယ့် တကယ်တမ်း မှာတော့ ယာမယ် ပြောတာ မှန်သွားခဲ့ပါတယ်။ စပိန်ဟာ ပြင်သစ်ကို ယူရို ၂၀၂၄ မှာ ရော၊ ၂၀၂၅ နေရှင်းလိဂ် မှာပါ ပြုတ်အောင် လုပ်ခဲ့တဲ့ အသင်းပါ။ အခု ကမ္ဘာ့ဖလား မှာလည်း ထပ်ပြီး အနိုင်ယူသွားခဲ့ပြန်ပါပြီ။
Fantastic Four လို့ ခေါ်ရတဲ့ ပြင်သစ်ရဲ့ နာမည်ကြီး တိုက်စစ်တန်းဟာ စပိန်ရဲ့ စနစ်ကျတဲ့ ခံစစ်ရှေ့မှာ ဘာမှလုပ်မရဘဲ ဂိုးပေါက်တောင် ရှာမတွေ့ခဲ့ပါဘူး။ ပွဲအဖြေကို ပြောင်းလဲပေးရမယ့် ကီလီယန် အမ်ဘာပေး၊ အူစမန်နီ ဒမ်ဘီလီနဲ့ မိုက်ကယ် အိုလစ်ဆေးတို့ တိုက်စစ် သုံးယောက်စလုံး ပျောက်ချက်သား ကောင်းနေခဲ့ပါတယ်။ သူတို့ သုံးယောက်ပေါင်းမှ ဂိုးပေါက်တည့် ကန်ချက် ၂ ကြိမ်သာ ရှိခဲ့ပြီး၊ အမ်ဘာပေး ဆီကတော့ တစ်ကြိမ်မှ မတွေ့ခဲ့ရပါဘူး။ အမ်ဘာပေးဟာ မိနစ် ၉၀ အတွင်း ဂိုးဖန်တီးမှု အခွင့်အရေး တစ်ကြိမ်မှ မဖန်တီးနိုင်ခဲ့သလို ဘောလုံး ပေးပို့မှု ၁၂ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး သူရခဲ့တဲ့ အဝါကတ် ကသာ သူ့အတွက် အလှုပ်ရှားဆုံး အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။ တိုက်စစ်မှူးတွေ ခြေစွမ်းမပြနိုင်တဲ့အခါ စပိန်လို အသင်းမျိုးနဲ့ တွေ့ရင် အခုလို ကပ်ဆိုးဆိုက်ဖို့ပဲ ရှိပါတော့တယ်။
၂။ ကြီးမားတဲ့ ပွဲအောက်မှာ ခြေဖျားပင်လိမ်သွားခဲ့တဲ့ မိုက်ကယ် အိုလစ်ဆီ
ဘေယန်မြူးနစ်မှာ အကောင်းဆုံး ရာသီတစ်ခုကို ဖြတ်သန်းခဲ့ပြီးနောက် အိုလီဆေးဟာ ပြင်သစ် လက်ရွေးစင် အသင်း မှာလည်း တောက်ပတဲ့ ဖန်တီးရှင်အဖြစ် ခြေစွမ်းပြနေခဲ့တာပါ။ ဒါပေမယ့် မနေ့ညက ပွဲမှာတော့ သူဟာ ဘာဆို ဘာမှ မတတ်နိုင်ခဲ့ပါဘူး။
ဒီပွဲမတိုင်ခင်အထိ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားတဲ့ အိုလီဆေးဟာ စပိန် ကွင်းလယ်လူ ရိုဒရီနဲ့ နောက်ခံလူ မာ့ခ် ကူကူရယ်လာ တို့ရဲ့ ထိန်းချုပ်မှုကို လုံးဝ ခံလိုက်ရပါတယ်။ သူ ဘောလုံးရတိုင်းမှာ စပိန် ကစားသမားတွေရဲ့ လုယူခြင်းကို ခံရတာ ဒါမှမဟုတ် အလောတကြီး ပေးပို့လိုက်လို့ လမ်းကြောင်း လွဲပြီး ပြင်သစ်ရဲ့ တိုက်စစ်အရှိန်ကို ပျက်ပြားစေခဲ့ပါတယ်။ အမ်ဘာပေးနဲ့ ဒမ်ဘီလီ တို့ဟာ အိုလီဆေး ဆီကနေ ဘောလုံးရဖို့ စောင့်နေခဲ့ပေမယ့် ဘာမှ ရောက်မလာခဲ့ပါဘူး။ ကွင်းလယ်က ချူအာမေနီ၊ ရာဘီယော့တ် နဲ့ လူစားဝင်လာတဲ့ မာနူး ကိုနေး တို့ဟာ စပိန်ရဲ့ စနစ်ကျတဲ့ ခခံစစ်ကို ဖောက်ထွက်နိုင်မယ့် အမြင်မျိုး မရှိကြပါဘူး။ ဒါ့အပြင် အသက် ၂၄ နှစ် အရွယ် အိုလစ်ဆေးဟာ ရိုဒရီ၊ ကူကူရယ်လာ တို့နဲ့ ယှဉ်ပြိုင်ရာမှာ ကြံ့ခိုင်မှုခြင်း မယှဉ်နိုင်ခဲ့ပဲ ယူရို သန်း ၂၀၀ တန် ကစားသမား တစ်ယောက်ရဲ့ အရိပ်အယောင်မျိုး လုံးဝ မတွေ့ခဲ့ရပါဘူး။
၃။ လာမင်း ယာမယ်လ်ကို မထိန်းချုပ်နိုင်ခဲ့တဲ့ လူးကပ်စ် ဒစ်ဂ်နီး

ပြင်သစ် အသင်း အတွက် အမြဲတမ်း ပြဿနာရှိနေတဲ့ နေရာ ကတော့ ဘယ်နောက်ခံလူနေရာ ဖြစ်ပါတယ်။ သီအို ဟာနန်ဒက်ဇ်နဲ့ ဒစ်ဂ်နီးတို့ အလှည့်ကျ ကစားခဲ့ကြပြီး နောက်ဆုံး မှာတော့ ဒစ်ဂ်နီးက နည်းပြ ဒက်စ်ရွှမ့်စ်ရဲ့ အမာခံ ဖြစ်လာခဲ့ပါတယ်။ သူဟာ ဆွီဒင်၊ ပါရာဂွေးနဲ့ မော်ရိုကို တို့နဲ့ ပွဲတွေမှာ ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့် ယာမယ်နဲ့ ရင်ဆိုင်ရတဲ့ အချိန် မှာတော့ အခြေအနေတွေ ပြောင်းလဲသွားခဲ့ပါတယ်။ ယာမားလ်ကို ထိန်းဖို့ ဆိုတာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတွေတောင် ရုန်းကန်ရတာ ဖြစ်ပြီး ဒစ်ဂ်နီး ကတော့ အဲဒီအဆင့်အတန်းနဲ့ အဝေးကြီး လိုနေသေးတယ် ဆိုတာ သိသာခဲ့ပါတယ်။
ဒစ်ဂ်နီးဟာ ပထမပိုင်းမှာတင် သူ့ရဲ့ ဂိုးဧရိယာထဲမှာ ဘောလုံးကို ရိုးရိုးရှင်းရှင်း ဖျက်ထုတ်ရမယ့် အစား ခေါင်းတိုက်တာ အားမပါဘဲ အပေါ်ထောင်တက်သွားခဲ့ပြီး၊ ပြန်ကျလာတဲ့ ဘောလုံးကို လေထဲမှာ ရမ်းကန်ရင်းနဲ့ ယာမယ်ကို သွားကန်မိကာ စပိန် အတွက် အဖိုးတန် ပင်နယ်တီဂိုးကို လက်ဆောင်ပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်း မှာလည်း အသက် ၁၉ နှစ် အရွယ် ယာမယ်ရဲ့ လှည့်စားမှုကို ခံခဲ့ရပြီး ယာမားလ် ကန်သွင်းလိုက်တဲ့ လှပတဲ့ ဂိုးဟာ အနည်းငယ် လူကျွံနေခဲ့လို့သာ ဒစ်ဂ်နီး တစ်ယောက် လုံးဝ အရှက်ကွဲမယ့် ဘေးကနေ သက်သာရာရခဲ့တာပါ။ နောက်ဆုံး ပွဲကစားချိန် ၇၂ မိနစ် ကျမှ နည်းပြ ဒက်စ်ရွှမ့်စ်က သူ့ကို လူစားလဲခဲ့ပေမယ့် ဆေးမမှီတော့ပါဘူး။
၄။ ဝီလီယမ် ဆလီဘာရဲ့ ဒဏ်ရာပြဿနာကို မကျော်လွှားနိုင်ခဲ့ခြင်း
ပထမဂိုး ခွင့်ပြုလိုက်ရပြီးနောက် ပြင်သစ် အတွက် ပိုဆိုးသွားတာ ကတော့ အဓိက ခံစစ်မှူး ဝီလီယမ် ဆလီဘာ ပွဲကစားချိန် မိနစ် ၃၀ မှာတင် ဒဏ်ရာကြောင့် ကွင်းအတွင်းက ထွက်ခွာသွားခဲ့ရတာ ဖြစ်ပါတယ်။ အာဆင်နယ် နောက်ခံလူ ဆလီဘာဟာ ဒီနွေရာသီ ပြိုင်ပွဲ တစ်လျှောက်လုံး ခါးဒဏ်ရာနဲ့ တခြား ဒဏ်ရာ အသေးစားလေးတွေကို အောင့်အည်းပြီး ကစားပေးခဲ့တာ ဖြစ်ပေမယ့် အခုပွဲ မှာတော့ ဆက်မကစားနိုင်တော့ပါဘူး။ သူဟာ ဘယ်သူ့ရဲ့ ဖိအားပေးမှုမှ မရှိဘဲ ခံစစ်ဆီ ဆင်းပြေးရင်းနဲ့တင် ကွင်းထဲ လဲကျသွားခဲ့တာ ဖြစ်ပါတယ်။
သူ့အစား ဝင်လာတဲ့ မက်ဆန့်စ် လာခရွားစ် ကတော့ ဒီလို ပွဲကြီးပွဲကောင်းရဲ့ ဖိအားကို မခံနိုင်ခဲ့ပါဘူး။ စပိန်ရဲ့ ဒုတိယဂိုး သွင်းယူသွားတဲ့ အခိုက်အတန့်မှာ လာခရွားစ်ဟာ ပေါ်ရိုနဲ့ အော်လမိုတို့ တစ်ချက်ထိ ပေးပြန် ကစားသွားတာကို ဘာမှမလုပ်ဘဲ ရပ်ကြည့်နေခဲ့ပါတယ်။ အန္တရာယ်ရှိမှန်း သိတဲ့အချိန် မှာတောင် သူဟာ အတင်းပြေးပြီး မဖျက်ထုတ်ဘဲ ဂိုးဧရိယာထဲမှာ အေးအေးလူလူ လမ်းလျှောက်နေခဲ့တာကြောင့် အူပါမီကာနို တစ်ယောက်တည်းသာ ပေါ်ရိုကို လိုက်လံ ပိတ်ဆို့ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ၁ ဂိုးပဲ ပြတ်နေတဲ့အချိန်မှာ ပြင်သစ်တို့ ပွဲကို ပြန်လိုက်ဖို့ မျှော်လင့်ချက် ရှိသေးပေမယ့် ပေါ်ရိုရဲ့ ဒုတိယဂိုး ဝင်သွားပြီးတဲ့နောက် မှာတော့ ပြင်သစ်တို့ ပွဲပြန်လှန်နိုင်မယ့် အခွင့်အရေး လုံးဝ မရှိတော့ဘဲ ရှုံးနိမ့်ခဲ့ရပါတော့တယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


