ပရီးမီးယားလိဂ် ကလပ် ဖူလ်ဟမ် အသင်းဟာ နည်းပြ မာကို ဆေးလ်ဗားရဲ့ နေရာမှာ အစားထိုးဖို့ အတွက် နည်းပြသစ် ရှာဖွေမှုတွေ ဆက်တိုက် လုပ်ဆောင်လျက် ရှိပါတယ်။ လက်ရှိမှာတော့ သတင်းတွေရဲ့ ဖော်ပြချက်အရ ခရေဗင်ကော့တေ့ချ် ကွင်းဆီ ရောက်လာဖို့ အယ်လ်ဗာရို အာဘီလိုအာက ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။
ဖူလ်ဟမ် အသင်းရဲ့ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်၊ ဘောလုံး ဒါရိုက်တာလည်း ဖြစ်တဲ့ တိုနီခန်းရဲ့ အဆိုအရ မာကို ဆေးလ်ဗားရဲ့ နေရာကို ဆက်ခံဖို့အတွက် အသင်းက အထူးတလည် သဘောကျနေတဲ့ လျာထားသူ နှစ်ဦး ရှိနေတယ်လို့ ဆိုပါတယ်။
နည်းပြ မာကို ဆေးလ်ဗားဟာ ဖူလ်ဟမ် အသင်းမှာ ၅ နှစ်ကြာ ဖြတ်သန်းခဲ့ပြီး အသင်း ၂၀၂၀-၂၁ ရာသီက တန်းဆင်းသွားခဲ့ရပြီး နောက်ပိုင်း ပရီးမီးယားလိဂ်ဆီ ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့သူပါ။ အဲ့ဒီနောက်ပိုင်း ဖူလ်ဟမ်ကို ပရီးမီးယားလိဂ်မှာ အခြေခိုင်တဲ့ အသင်း တစ်သင်း ဖြစ်အောင် တည်ဆောက်ပေးခဲ့သလို၊ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီ မှာလည်း အသင်း သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်မှာ ရမှတ် အများဆုံး စံချိန် (၅၄ မှတ်) ရအောင် စွမ်းဆောင်ပေးခဲ့ပါသေးတယ်။ ဒါပေမယ့် သူဟာ ရာသီကုန်မှာ စာချုပ်သက်တမ်းပြည့်သွားတဲ့အခါ အသင်းမှာ ဆက်မနေတော့ဘဲ သူ့ရဲ့ မိခင်နိုင်ငံက ဘင်ဖီကာ အသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဖူလ်ဟမ်နဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ် အသင်း ကနေ ရာသီကုန်မှာ ထွက်ခွာလာခဲ့တဲ့ အယ်လ်ဗာရို အာဘီလိုအာက ဖူလ်ဟမ်ရဲ့ နည်းပြသစ် ဖြစ်လာဖို့ အလားအလာ အရှိဆုံးလို့ သတင်းတွေ ထွက်နေပါတယ်။ အာဘီလိုအာရဲ့ နေရာ မှာတော့ ဘင်ဖီကာ ကနေ ထွက်လာတဲ့ ဟိုဆေး မော်ရင်ညိုက ရီးရဲလ် နည်းပြ အဖြစ် အစားထိုး ဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ရေပန်းစားနေတဲ့သူ ကတော့ ကိုဗင်ထရီစီးတီး အသင်းကို ချန်ပီယံရှစ်မှာ ဗိုလ်စွဲစေပြီး ပရီးမီးယားလိဂ်ဆီ ပြန်လည် ခေါ်ဆောင်ပေးခဲ့တဲ့ ဖရန့်ခ် လမ်းပတ်ပဲ ဖြစ်ပါတယ်။ သူဟာလည်း ဖူလ်ဟမ် နည်းပြ ရာထူး အတွက် သတင်းကြီးနေသူပါ။
နည်းပြ ဆေးလ်ဗား အသင်းမှာ ဆက်ရှိနေလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တဲ့ ဒုဥက္ကဋ္ဌ တိုနီခန်းက ဖူလ်ဟမ် အသင်း အနေနဲ့ နည်းပြသစ် ခန့်အပ်ဖို့ နီးစပ်နေပြီဆိုတာကို FFCtv နဲ့ အင်တာဗျူးမှာ အခုလို အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။ “တကယ်တော့ ကျွန်တော်တို့ ဘက်က မာကို (ဆေးလ်ဗား) တစ်ယောက် အသင်းမှာ ဆက်ရှိနေမယ် လို့ပဲ တောက်လျှောက် မျှော်လင့်ထားခဲ့တာပါ။ မာကိုက စိတ်ပြောင်းသွားပြီး အသင်းမှာ ဆက်နေဖို့ စီစဉ်ထားရာ ကနေ အခုလို ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တယ် ဆိုတာ သိရတာ နှစ်ပတ်တောင် မပြည့်သေးပါဘူး။ ဒါပေမယ့် သူ ဘာကြောင့် ဒီလို ဆုံးဖြတ်ရလဲ ဆိုတာ ကိုတော့ ကျွန်တော်တို့ နားလည်ပါတယ်။”
“နည်းပြသစ် အတွက် သတင်းတွေထဲမှာ နာမည်တွေ အများကြီး ထွက်နေတာ တွေ့ရပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတာက နည်းပြ ရှာဖွေရေး လုပ်ငန်းစဉ်က အဆင်ပြေပြေ လည်ပတ်နေပြီး တချို့သူတွေနဲ့ဆို အတော်လေး ကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ လုပ်နိုင်ခဲ့ပါတယ်။ လက်ရှိ ဘုတ်အဖွဲ့က စကားပြောနေတဲ့ သူတွေထဲမှာ တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ လျာထားသူတွေ ပါဝင်နေပါတယ်။ သတင်းတွေထဲ မှာတော့ ဘယ်သူက ရှေ့ပြေးနေပြီ၊ ဘယ်သူနဲ့ ဆွေးနွေးနေပြီဆိုပြီး ပါနေကြပေမယ့် အဲ့ဒီထဲက တချို့သူတွေဆိုတာ ကျွန်တော်တို့ တစ်ခါမှ စကားမပြောဖူးသလို၊ စဉ်းစား ထည့်သွင်းတွက်ချက်ဖူးခြင်းတောင် မရှိတဲ့သူတွေပါ။”
“ဒါပေမယ့် အဲ့ဒီအထဲမှာ ဘုတ်အဖွဲ့နဲ့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကျွန်တော်တို့ တကယ် သဘောကျတဲ့သူ နှစ်ယောက် အထူးတလည် ရှိနေပါတယ်။ လောလောဆယ်တော့ ကျွန်တော်တို့ ဘက်က နောက်ထပ် ဆွေးနွေးမှုတွေ လုပ်ဖို့ရော၊ တခြားသူတွေနဲ့ စကားပြောဖို့ပါ လမ်းဖွင့်ထားဆဲ ဖြစ်ပြီး နည်းပြသစ် ရှာဖွေရေး လုပ်ငန်းစဉ်ကို သေသေချာချာ လုပ်ဆောင်နေပါတယ်။” လို့ တိုနီခန်းက ပြောကြားသွားခဲ့ပါတယ်။
ဖူလ်ဟမ် အသင်း အနေနဲ့ အဆိုပါ နည်းပြ နှစ်ဦးထဲက တစ်ဦးကို ရွေးချယ်မလား၊ ဒါမှမဟုတ် အံ့အားသင့်စရာ တခြား နည်းပြ တစ်ဦးကို ခန့်အပ်မလား ဆိုတာကတော့ လာမယ့်ရက်ပိုင်းအတွင်းမှာ ပိုမိုရှင်းလင်းလာတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


