ဟယ်ရီကိန်း ကတော့ ကမ္ဘာ့ဖလား မတိုင်ခင် ကစားခဲ့တဲ့ နယူးဇီလန်နဲ့ ခြေစမ်းပွဲမှာ ၁ ဂိုး ထပ်သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကိန်းဟာ ယူရိုဒေသတွင်း မဟုတ်တဲ့ တခြားတိုက်ကြီးတွေက ပြိုင်ဘက် အသင်းတွေကို အင်္ဂလန် အသင်း အတွက် (၁၀) ဂိုးနဲ့ အထက် သွင်းယူပေးနိုင်ခဲ့တဲ့ ဂယ်ရီ လိုင်နီကာ (၁၈ ဂိုး)၊ မိုက်ကယ်အိုဝင် (၁၃ ဂိုး) နဲ့ ဘော်ဘီ ချာလ်တန် (၁၀ ဂိုး) တို့ရဲ့ နောက်မှာ စတုတ္ထမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။
ကိန်းဟာ နည်းပြ သောမတ်စ် တူချယ် လက်ထက် အင်္ဂလန် အသင်း ကစားခဲ့တဲ့ ပွဲစဉ်တွေရဲ့ (၆၂) ရာခိုင်နှုန်း (၁၃ ပွဲမှာ ၈ ပွဲ) အထိ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ အင်္ဂလန် အသင်းကို အနည်းဆုံး နှစ်ပွဲနဲ့ အထက် ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြတွေထဲမှာ ဒီပမာဏဟာ ကစားသမား တစ်ဦးက နည်းပြ တစ်ယောက်ရဲ့ ပွဲစဉ်တွေ အပေါ် အမြင့်ဆုံး ဂိုးသွင်းယူပေးထားနိုင်တဲ့ ရာခိုင်နှုန်းလည်း ဖြစ်ပါတယ်။
ဇွန်လ ၁၇ ရက်နေ့မှာ ကစားမယ့် ခရိုအေးရှားနဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် မတိုင်ခင် အင်္ဂလန် အသင်းဟာ ကော်စတာရီကာ အသင်းနဲ့ နောက်ဆုံး ခြေစမ်းပွဲ တစ်ပွဲ ကစားဖို့ ရှိနေပြီး၊ ကိန်း ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးဆီ တက်လှမ်းဖို့ အတွက် ယုံကြည်မှုအပြည့် ရှိနေပါတယ်။
“ကျွန်တော့်ရဲ့ ကစားသမားဘဝ တစ်လျှောက်လုံးမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ အကောင်းဆုံး ပုံစံမျိုး ရောက်နေတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ခက်ခဲတဲ့ ပတ်ဝန်းကျင်၊ ခက်ခဲတဲ့ ပြိုင်ပွဲကြီး တစ်ခုထဲကို ဝင်ရောက်ရတော့မှာပါ။ ဒါပေမယ့် ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်။ ကမ္ဘာ့ဖလား ဆိုတာ အကြီးကျယ်ဆုံး ပြိုင်ပွဲကြီး ဖြစ်တာမို့ ပြိုင်ပွဲ အမြန်ဆုံး စတင်ဖို့ကိုပဲ မျှော်လင့်နေပါတယ်” လို့ ကိန်းက ITV Sport ကို ပြောကြားခဲ့ပါတယ်။

နယူးဇီလန် အသင်း အပေါ် အနိုင်ရခဲ့တဲ့ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ကိန်းက အခုလို ထပ်လောင်း ပြောကြားခဲ့ပါတယ်။ “ဟုတ်ပါတယ်၊ ကောင်းမွန်တဲ့ နိုင်ပွဲ တစ်ခုပါ။ ဒါပေမဲ့ မလွယ်ကူခဲ့ပါဘူး။ ရာသီဥတုက တော်တော်ပူပြီး ကွင်းအခြေအနေ ကလည်း ရိုးရိုးသားသား ပြောရရင် သိပ်မကောင်းလှတာမို့ ကျွန်တော်တို့ ကစားချင်တဲ့ ပုံစံအတိုင်း ကစားဖို့ တော်တော်လေး ခက်ခဲခဲ့ပါတယ်။”
“ဒါပေမဲ့ ဒါဟာ ကျွန်တော်တို့ ဒီကို လာခဲ့ရတဲ့ အကြောင်းရင်းပဲလေ။ ဒီလို အခြေအနေမျိုးနဲ့ အသားကျအောင် လာလုပ်တာပါ။ တကယ်တော့ ဒီပွဲမှာ ကျွန်တော်တို့ နောက်ထပ် တစ်ဂိုး၊ နှစ်ဂိုးလောက် ပိုသွင်းနိုင်ခဲ့သင့်တာ။ ကျွန်တော်တို့ ဒီကို ရလဒ်ထက်စာရင် ပြင်ဆင်မှု အပိုင်း အတွက် ပိုပြီး အာရုံစိုက်လာခဲ့တာ ဖြစ်ပါတယ်။ ပွဲအနားယူပြီး ရေ သောက်ခွင့်ရတာတွေက အထောက်အကူပြုပါတယ်။ လူတော်တော်များများက အပူဒဏ် အကြောင်း ပြောနေကြပေမယ့် တချို့လူတွေ ပြောသလောက်ကြီးတော့ ဒါက အဓိက အခက်အခဲ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။”
“ကျွန်တော် အပါအဝင် ဒီရာသီဥတုထဲမှာ အတော်ကြာအောင် လေ့ကျင့်ထားတဲ့ အသင်းဖော် တချို့ ကတော့ ဒီနေ့ပွဲမှာ အဆင်ပြေပြေ ခံစားခဲ့ရပါတယ်။ ကျွန်တော်တို့ အားလုံးဟာ အားကစားသမားတွေ၊ ပရော်ဖက်ရှင်နယ်တွေ ဖြစ်ပြီး ဒီလို ပူပြင်းတဲ့ ရာသီဥတု အခြေအနေမျိုး မှာလည်း အရင်က ကစားဖူးကြပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
အင်္ဂလန် အသင်း ကတော့ ကမ္ဘာ့ဖလား သမိုင်းမှာ ၁၉၆၆ ခုနှစ်က တစ်ကြိမ်သာ ဗိုလ်စွဲထားခဲ့တာပါ။ ဒီအသင်းဟာ အဲဒီ အောင်မြင်မှု နောက်ပိုင်း ပြိုင်ပွဲကြီးတွေမှာ အောင်မြင်မှုနဲ့ ဝေးကွာနေရပြီး ဒီတစ်ကြိမ် ကမ္ဘာ့ဖလား မှာလည်း နည်းပြ သောမက်စ် တူချယ်နဲ့ အတူ ချန်ပီယံဆု ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


