အူနိုင်း အမ်မရီဟာ ယူရိုပါလိဂ် ပြိုင်ပွဲမှာ အောင်မြင်မှု အမြောက်အမြား ရရှိထားသူ ဖြစ်ပြီး အခုအခါမှာတော့ ဥရောပဖလား ၅ ကြိမ် အထိ ဆွတ်ခူးနိုင်မယ့် ထိပ်တန်း နည်းပြ အုပ်စုထဲ ဝင်ရောက်နိုင်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ဒီလို ယူရိုပါလိဂ် ဖလားကို ၅ ကြိမ်မြောက် ရယူနိုင်မယ့်သူ အဖြစ် စံချိန်သစ် တင်နိုင်ဖို့ ရည်မှန်းထားပေမယ့်လည်း သူ့ကို ‘ယူရိုပါလိဂ်ဘုရင်’ အဖြစ် မသတ်မှတ်သင့်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
အမ်မရီဟာ သူရဲ့ အက်စတွန်ဗီလာကို ဦးဆောင်ပြီး အစ္စတန်ဘူလ်မြို့မှာ ဖရိုင်းဘတ်နဲ့ ကစားမယ့် ဗိုလ်လုပွဲဆီသို့ ချီတက်လာပြီ ဖြစ်ပြီး သမိုင်းမှတ်တိုင်သစ် တစ်ခု စိုက်ထူဖို့ လက်တစ်ကမ်း အကွာကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ သူဟာ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ချန်ပီယံဆု ၄ ကြိမ် အထိ (ဆီဗီလာနဲ့ ၂၀၁၃-၁၄၊ ၂၀၁၄-၁၅၊ ၂၀၁၅-၁၆ ရာသီတွေမှာ ၃ ကြိမ်ဆက်၊ ဗီလာရီးရဲလ်နဲ့ ၂၀၂၀-၂၁ ရာသီမှာ ၁ ကြိမ်) ရရှိထားပြီး ဖြစ်တာကြောင့် အခု လက်ရှိမှာ ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး နည်းပြ အဖြစ် ရပ်တည်နေပြီးသား ဖြစ်ပါတယ်။
အကယ်၍ ဗီလာ အနေနဲ့ ဖရိုင်းဘတ်ကို အနိုင်ရရှိခဲ့မယ် ဆိုရင် အမ်မရီဟာ ဂျီယိုဗန်နီ ထရက်ပတ်တိုနီ၊ ကာလို အန်ဆယ်လော့တီ၊ ဟိုဆေး မော်ရင်ညို တို့လို ဥရောပအဆင့် အဓိက ဖလားကြီးတွေရဲ့ ဗိုလ်လုပွဲမှာ ၅ ကြိမ် အထိ အောင်ပွဲခံနိုင်ခဲ့တဲ့ နည်းပြကြီးတွေနဲ့ အဆင့်အတန်းချင်း တူညီသွားမှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အမ်မရီ ကတော့ ဒီပြိုင်ပွဲမှာ သူရရှိခဲ့တဲ့ အောင်မြင်မှုတွေ အပေါ် နှိမ့်ချစွာပဲ တုံ့ပြန်ခဲ့ပါတယ်။ “ကျွန်တော်က ဒီပြိုင်ပွဲရဲ့ ဘုရင် တစ်ပါး မဟုတ်ပါဘူး။ အခု ကျွန်တော်က အက်စတွန်ဗီလာနဲ့ အတူ အခန်းကဏ္ဍသစ် တစ်ခုကို လျှောက်လှမ်းနေတာပါ။ ကျွန်တော် အရင်က လုပ်ခဲ့သမျှ အရာ အားလုံးက ပြီးခဲ့ပါပြီ။ ဒါကတော့ အဲဒီအချိန်တုန်းက သမိုင်း အဖြစ် ကျန်ရှိနေမှာပါ။
“ကျွန်တော် အခုရှိနေတဲ့ ကစားသမားတွေ၊ အခုလက်ရှိ ဗီလာနဲ့ အတူ (တူရကီမြေမှာ) အနိုင်ရဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒါက လမ်းကြောင်းအသစ်၊ အခိုက်အတန့် အသစ် ဖြစ်ပြီး မျှော်လင့်ချက် အပြည့်နဲ့ ခေတ်သစ်တစ်ခု ဖြစ်လာမှာပါ။
“ပြိုင်ဘက်ကို မလေးစားဘူး ဆိုရင် ရှုံးနိမ့်ဖို့ ပိုနီးစပ်သွားပါလိမ့်မယ်။ ကျွန်တော်တို့ ဖြတ်သန်းလာတဲ့ လမ်းကြောင်း တစ်လျှောက်မှာ ဥရောပပြိုင်ပွဲကို မလေးစားခဲ့ဘူးဆိုရင် အခုလို နေရာမျိုးကို ရောက်လာမှာ မဟုတ်ပါဘူး။ ဒါက ကျွန်တော်တို့ အရင်ကတည်းက ထားရှိခဲ့တဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာပါပဲ။ ကျွန်တော်တို့မှာ တကယ့်ကို ကြီးမားတဲ့၊ တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ရှိနေပါတယ်။ လာမယ့် သောကြာနေ့မှာ လုပ်မယ့် အောင်ပွဲခံပါတီ အကြောင်းကို ကျွန်တော်တို့ ကြိုတွေးနေကြတာလား။ မဟုတ်ပါဘူး၊ လုံးဝမတွေးပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

အမ်မရီဟာ ဟိုဆေး မော်ရင်ညို (ပေါ်တို၊ အင်တာမီလန်၊ မန်ချက်စတာယူနိုက်တက်နဲ့ ရိုးမား) ပြီးရင် ဥရောပ အဆင့် အဓိက ဗိုလ်လုပွဲကြီးတွေဆီကို ကွဲပြားခြားနားတဲ့ ကလပ် အသင်း ၄ သင်း (ဆီဗီလာ၊ အာဆင်နယ်၊ ဗီလာရီးရဲလ် နှင့် အက်စတွန်ဗီလာ) တိုနဲ့ တက်လှမ်းနိုင်ခဲ့တဲ့ ဒုတိယမြောက် နည်းပြ ဖြစ်လာမှာပါ။
မော်ရင်ညို ကတော့ သူကိုင်တွယ်ခဲ့တဲ့ အသင်း ၄ သင်းစလုံးနဲ့ ဆုဖလား ရယူနိုင်ခဲ့တာ ဖြစ်ပြီး၊ ကွဲပြားတဲ့ အသင်း ၃ သင်းနဲ့ အောင်မြင်မှုရရှိခဲ့တဲ့ အခြားနည်းပြ ၂ ဦး ကတော့ ရာဖေးလ် ဘင်နီတက်ဇ် (ဗလင်စီယာ၊ လစ်ဗာပူးလ်နဲ့ ချဲလ်ဆီး) နဲ့ အူဒို လက်တက်ခ် (ဘေယန်မြူးနစ်၊ မိုချန်ဂလာဘတ်နဲ့ ဘာစီလိုနာ) တို့ ဖြစ်ကြပါတယ်။ အမ်မရီဟာ ယူရိုပါလိဂ် ပွဲစဉ်ပေါင်း ၁၁၅ ပွဲအထိ ကိုင်တွယ်ခဲ့ပြီး ၇၁ ပွဲ အထိ အနိုင်ရရှိထားပါတယ်။ ဒါဟာ ယူရိုပါလိဂ် ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဘယ်နည်းပြထက်မဆို နိုင်ပွဲ အများဆုံး ရရှိထားသူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၂၃-၂၄ ရာသီ အစပိုင်းကတည်းက ကြည့်မယ် ဆိုရင်လည်း အမ်မရီရဲ့ ဗီလာထက် ဥရောပပွဲစဉ်တွေမှာ နိုင်ပွဲ ပိုရထားတဲ့ အသင်း လုံးဝမရှိသေးပါဘူး။ BBC Sportရဲ့ ဖော်ပြချက်အရ နောက်ခံလူ တိုင်ရုန်း မင်းစ် ကလည်း အခုလို ချီးကျူးစကား ဆိုထားပါတယ်။
“မန်နေဂျာ (အမ်မရီ) က ဥရောပပြိုင်ပွဲတွေရဲ့ ပါရမီရှင် တစ်ယောက်လိုပါပဲ မဟုတ်ဘူးလား။ သူက ပရီးမီးယားလိဂ်ဟာ အရေးကြီးဆုံးအရာ ဖြစ်တယ် ဆိုတာကို အမြဲတမ်း ထပ်ခါတလဲလဲ သတိပေးလေ့ ရှိပါတယ်။ အခု လက်ရှိ ကန့်သတ်ချက် (ဘဏ္ဍာရေးစည်းမျဉ်း) တွေကြားကနေ ယှဉ်ပြိုင်နိုင်ဖို့ အတွက် ကလပ်ရဲ့ ဝင်ငွေတွေကို ဘယ်လို တိုးပွားအောင် လုပ်ရမလဲဆိုတာကိုလည်း ကျွန်တော်တို့ ဆွေးနွေး ဖြစ်ကြပါတယ်။ ဒါပေမဲ့ သူက ပရီးမီးယားလိဂ်ကို အဓိက အာရုံစိုက်နေရင်းနဲ့ ကိုပဲ ဥရောပပြိုင်ပွဲတွေမှာ အခုလို အံ့အားသင့်စရာ ကောင်းတဲ့ ဖြတ်သန်းမှုတွေကို ဖန်တီးပေးနိုင်ဆဲ ဖြစ်ပါတယ်။ အဲဒီလို မျှခြေတစ်ခုကို ရှာဖွေနိုင်တာဟာ အသင်းသားတွေနဲ့ မန်နေဂျာတို့ အပြည့်အဝ ချီးကျူးခံရမယ့်အရာ ဖြစ်ပါတယ်။ ဒါက တကယ့်ကို ထူးခြားတဲ့ အချိန်အတိုင်းအတာတစ်ခုပါပဲ။” လို့ မင်းစ်က ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


