အန်းဖီးလ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အတွင်း ချဲလ်ဆီးရဲ့ အကောင်းဆုံး တုံ့ပြန်ကစားမှုကြောင့် လစ်ဗာပူးလ်ဟာ ၁-၁ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ပွဲအတွင်း လူစားလဲမှု ဆုံးဖြတ်ချက် တစ်ခုကြောင့် အိမ်ကွင်း ပရိသတ်တွေက လစ်ဗာပူးလ် နည်းပြ အာနယ် ဆလော့တ်အပေါ် လှောင်ပြောင် ဆန္ဒပြခဲ့ကြပါတယ်။
ချဲလ်ဆီး အသင်းဟာ အိမ်ကွင်း ပရိသတ်တွေရဲ့ မကျေမနပ် အော်ဟစ်သံတွေ ထွက်ပေါ်နေတဲ့ အန်းဖီးလ်ကွင်းမှာ လစ်ဗာပူးလ်ကို ၁-၁ သရေကျအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ၆ ပွဲ ဆက်တိုက် ရှုံးနိမ့်ထားတဲ့ ဆိုးရွားတဲ့ မှတ်တမ်းကို ရပ်တန့်နိုင်ခဲ့ပါတယ်။ လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ် အနေနဲ့ အသက်ငယ်ငယ်ရွယ်ရွယ် လူငယ် တောင်ပံကစားသမား ရီယို အန်ဂူမိုဟာ ကို လူစားလဲဖို့ ဆုံးဖြတ်ခဲ့တဲ့ အပေါ် အိမ်ကွင်း ပရိသတ်တွေက ဝိုင်းဝန်း လှောင်ပြောင်ခဲ့ကြပြီး၊ လစ်ဗာပူးလ် အနေနဲ့လည်း ချန်ပီယံလိဂ် ဝင်ခွင့်ကို ရာနှုန်းပြည့် သေချာအောင် လုပ်ဆောင်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။
လစ်ဗာပူးလ်ဟာ လာမယ့် သောကြာနေ့ အက်စတွန်ဗီလာ အိမ်ကွင်းကို သွားရောက် မကစားခင်မှာတင် အဆင့် ၅ အတွင်း ဝင်ဖို့ သေချာသွားနိုင်ခြေ ရှိနေပါသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီရဲ့ ချန်ပီယံဟောင်း လစ်ဗာပူးလ် အတွက်တော့ သိသိသာသာ ခြေစွမ်းတက်လာတဲ့ ချဲလ်ဆီးနဲ့ ကစားရာမှာ နောက်ထပ် စိတ်ပျက်စရာ ရလဒ် တစ်ခုနဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီပွဲမှာ လစ်ဗာပူးလ်ဟာ အဓိက ကစားသမားတွေ ဖြစ်တဲ့ မိုဟာမက် ဆာလာ၊ ဖလော်ရီယန် ဗစ်ဇ်နဲ့ ဟူဂို အစ်ကီတီကေးတို့ မပါဝင်ဘဲ ကစားခဲ့ရတာပါ။ ဒါပေမယ့် ပွဲအစပိုင်းမှာတင် အရှိန်အဟုန်ပြင်းပြင်းနဲ့ စတင်နိုင်ခဲ့ပြီး ပွဲချိန် ၆ မိနစ်မှာတင် ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ လူငယ်ကစားသမား အန်ဂူမိုဟာရဲ့ ဖန်တီးပေးမှုက တစ်ဆင့် ရိုင်ယန် ဂရာဗန်ဘက်ချ်က ဖိလစ် ဂျော်ဂျန်ဆင်ရဲ့ ဂိုးပေါက်ထဲကို လှလှပပ ဝေ့ဝိုက် ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ဗန်ဒိုက်ခ်ရဲ့ အခွင့်အရေးကောင်း တစ်ခု လွဲချော်ခဲ့ပြီး နောက်ပိုင်း ချဲလ်ဆီးက ပွဲကို စတင် ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ မာ့ခ် ကူကူရယ်လာရဲ့ အဝေးကန်ချက်ကို လစ်ဗာပူးလ် ဂိုးသမား ဂျော်ဂျီ မာမာဒက်ရှ်ဗီလီ ပုတ်ထုတ် ကာကွယ်ခဲ့ရပါတယ်။
ပွဲချိန် ပထမပိုင်းပြီးခါနီး ၁၀ မိနစ် အလို မှာတော့ ချဲလ်ဆီးတို့ ချေပဂိုး ရရှိသွားခဲ့ပါတယ်။ အန်ဇို ဖာနန်ဒက်ဇ်ရဲ့ ဧရိယာအပြင်ဘက် အလွတ်တည်ကန်ဘောက တစ်ဆင့် ကန်သွင်းရာမှာ ဂိုးတိုင်နဲ့ထိကာ ဂိုးထဲဝင်သွားခဲ့တာပါ။ ဒီဂိုးကို ဝက်စလေ ဖိုဖာနာနဲ့ ထိမိခဲ့တယ် ဆိုပေမယ့် နောက်ဆုံး မှာတော့ အာဂျင်တီးနား ကွင်းလယ်လူ အန်ဇိုရဲ့ သွင်းဂိုး အဖြစ်သာ သတ်မှတ်ပေးခဲ့ပါတယ်။ ဒုတိယပိုင်း အစ ၅ မိနစ် မှာတော့ ကိုးလ် ပါးလ်မာက အနီးကပ် ပိတ်သွင်းပြီး ချဲလ်ဆီး အသင်း ဦးဆောင်နိုင်ခဲ့ပြီလို့ ထင်ခဲ့ရပေမယ့်၊ ဂိုးမသွင်းခင်မှာ ကူကူရယ်လာ လူကျွံဘော ဖြစ်နေခဲ့တာကြောင့် VAR က ဂိုး အဖြစ် ခွင့်မပြုခဲ့ပါဘူး။

မကြာခင်မှာပဲ လစ်ဗာပူးလ် ဘက်ကလည်း ကာတစ် ဂျုံးစ် သွင်းဂိုး တစ်ဂိုး ရရှိခဲ့ပေမဲ့၊ ဘောလုံးကို ဂိုးရှေ့ ခေါင်းတိုက်ချပေးခဲ့တဲ့ ကိုဒီ ဂက်ပို လူကျွံနေတာကြောင့် အဲဒီဂိုး ကလည်း ပယ်ဖျက်ခြင်း ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ဒိုမီနစ် ဆိုဘို့ဇ်ဆလိုင်းရဲ့ အားပြင်းတဲ့ ကန်ချက်တွေကို ချဲလ်ဆီး ဂိုးသမား ဂျော်ဂျန်ဆင် အစွမ်းပြ ပုတ်ထုတ်နိုင်ခဲ့သလို၊ ဆိုဘို့ဇ်ဆလိုင်းရဲ့ အဝေးကန်ချက် တစ်ကြိမ် ဂိုးတိုင်ထိ ထွက်ခဲ့ရပြန်ပါတယ်။ ဒီကြားထဲမှာပဲ ကွင်းတွင်း ခြေစွမ်းပြနေတဲ့ အန်ဂူမိုဟာကို အလက်ဇန္တား အိဆက်ခ်နဲ့ လဲလှယ်ခဲ့တဲ့ ဆော့လော့တ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ပရိသတ်တွေရဲ့ မကျေမနပ်သံတွေ ပိုမိုကျယ်လောင်လာခဲ့ပါတယ်။ ပွဲပြီးခါနီး လစ်ဗာပူးလ်ရဲ့ နောက်ဆုံး အခွင့်အရေးဖြစ်တဲ့ ဗန်ဒိုက်ခ်ရဲ့ ခေါင်းတိုက်ချက် ကလည်း ဂိုးဘားတန်းထိခဲ့တာကြောင့် သရေ ရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ရပါတယ်။
ပွဲပြီး ခရာမှုတ်ပြီးချိန် မှာတော့ ကွင်းအတွင်း လှောင်ပြောင်သံတွေ ပိုမိုဆူညံသွားခဲ့ပြီး နည်းပြ အာနေး ဆလော့တ် အပေါ် ဖိအားတွေ ပိုမိုများပြားလာခဲ့ပါတယ်။ တစ်ဖက် မှာလည်း ချဲလ်ဆီး အသင်း အနေနဲ့ အဆင့် ၆ နေရာကို တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက်တွေ ဝေဝါးသွားခဲ့ရပါတယ်။ (အကယ်၍ အက်စတွန်ဗီလာဟာ ယူရိုပါလိဂ်မှာ ဗိုလ်စွဲပြီး အဆင့် ၅ အတွင်း ရပ်တည်နိုင်ခဲ့ရင် အဆင့် ၆ နေရာက အသင်း ချန်ပီယံလိဂ် ဝင်ခွင့် ရရှိမှာ ဖြစ်ပါတယ်)။
စနေနေ့ ပွဲစဉ်မှာ တစ်ဖက်နဲ့ တစ်ဖက် ဂိုးကန်သွင်းခွင့် အလွန်နည်းပါးခဲ့ပြီး နှစ်သင်းပေါင်းမှ ၁၄ ကြိမ်သာ ကန်သွင်းနိုင်ခဲ့ပါတယ် (လစ်ဗာပူးလ် ၈ ကြိမ်၊ ချဲလ်ဆီး ၆ ကြိမ်)။ မျှော်မှန်းဂိုး (xG) တွက်ချက်မှု မှာတော့ လစ်ဗာပူးလ်က ၀.၅၁ ရှိပြီး ချဲလ်ဆီးက ၀.၄၇ ရှိခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာ ဒီထက်ပိုပြီး ဂိုးကန်သွင်းခွင့် နည်းခဲ့တာဆိုလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကစားခဲ့တဲ့ ဆန်းဒါးလန်းနဲ့ နယူးကာဆယ်ပွဲစဉ် (၁၁ ကြိမ်) တစ်ပွဲပဲ ရှိခဲ့ပါတယ်။
ဂရာဗန်ဘက်ချ် ဂိုးသွင်းဖို့ ဖန်တီးပေးခဲ့တဲ့ အန်ဂူမိုဟာရဲ့ ဂိုးဖန်တီးမှုဟာ ဒီရာသီ ပရီးမီးယားလိဂ် အတွင်း လူငယ် ကစားသမားတွေ သွင်းယူ သို့မဟုတ် ဖန်တီးပေးခဲ့တဲ့ ၅၅ ဂိုးမြောက် ဖြစ်လာခဲ့ပါတယ်။ ဒါဟာ ၂၀၀၆-၀၇ ရာသီ (၅၈ ဂိုး) နောက်ပိုင်း တစ်ရာသီ အတွင်း လူငယ်ကစားသမားတွေရဲ့ အများဆုံး ပါဝင်ပတ်သက်မှု စံချိန်လည်း ဖြစ်ပါတယ်။ အန်ဂူမိုဟာဟာ ဒီပွဲမှာ တစ်ဖက်လူကို ကျော်ဖြတ် ဆွဲပြေးမှု ၅ ကြိမ်မှာ ၄ ကြိမ်အထိ အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့ပြီး အသင်းမှာ အကောင်းဆုံး မှတ်တမ်း ဖြစ်ခဲ့ပါတယ်။
လစ်ဗာပူးလ်ဟာ ဦးဆောင်ဂိုး ရရှိထားပြီးမှ သရေကျခဲ့တာကြောင့် ဒီရာသီ အန်းဖီးလ်ကွင်းမှာ ဦးဆောင်နေတဲ့ အနေအထား ကနေ ရမှတ် ၉ မှတ်အထိ ဆုံးရှုံးခဲ့ရပြီးပြီ ဖြစ်ပါတယ်။ ဒါဟာ ၂၀၁၅-၁၆ ရာသီ (၁၄ မှတ်) နောက်ပိုင်း လစ်ဗာပူးလ်တို့ အိမ်ကွင်းမှာ ရမှတ် အများဆုံး ဆုံးရှုံးရတဲ့ ရာသီလည်း ဖြစ်လာခဲ့ပါတယ်။
ချဲလ်ဆီး အနေနဲ့ သူတို့ ကလပ် အသင်း သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ဖြစ်ခဲ့တဲ့ (၁၉၅၂ ခုနှစ် က ၇ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့) စံချိန်ဆိုး ကိုတော့ ရှောင်လွှဲနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ ပရီးမီးယားလိဂ်မှာ ၇ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးထားတဲ့ မှတ်တမ်း (၁ ပွဲသရေ၊ ၆ ပွဲရှုံး) ဟာ ၂၀၂၃ ခုနှစ် မေလ နောက်ပိုင်း ချဲလ်ဆီး အသင်း အတွက် အရှည်ကြာဆုံး နိုင်ပွဲ ပျောက်ဆုံးမှု စံချိန်ဆိုး ဖြစ်နေဆဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


