ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ အီတလီ လူမျိုး နည်းပြ ရော်ဘတ်တို ဒီဇာဘီကို မြောက်လန်ဒန်ဆီ ခေါ်ဆောင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ အကယ်၍ အသင်း တန်းဆင်းသွားခဲ့ရင် စာချုပ် ဖျက်သိမ်းခွင့်ပြုမယ့် “အလွန် အန္တရာယ်များတဲ့” စာချုပ်ပါ အချက်အလက် တစ်ခုနဲ့ ကမ်းလှမ်းဖို့ စဉ်းစားနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
တန်းဆင်းဇုန် အန္တရာယ်နှင့် စာချုပ်ပါ အချက်အလက်
ယာယီ နည်းပြ အီဂေါ တူဒေါ ရာထူး ကနေ ထွက်ခွာသွားပြီးနောက် ပရီးမီးယားလိဂ် ကလပ်ဟာ နည်းပြသစ် ရှာဖွေနေတာပါ။ ဒါပေမယ့် စပါးက လက်ရှိမှာ တန်းဆင်းဇုန်နဲ့ မနီးမဝေး အနေအထားမှာ ရှိနေတာကြောင့် ဒီဇာဘီက အသင်းကို တာဝန်ယူဖို့ တုံ့ဆိုင်းနေပါတယ်။ ဒါကို ဖြေရှင်းဖို့ အတွက် အကယ်၍ အသင်းသာ တန်းဆင်းသွားခဲ့ရင် ဒီဇာဘီ အနေနဲ့ အသင်း ကနေ အလွတ်နဲ့ ထွက်ခွာခွင့် သို့မဟုတ် တခြား ကလပ်ကို ပြောင်းရွှေ့ခွင့်ရမယ့် (Release Clause) ကို ထည့်သွင်းဖို့ ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ စပါးဟာ လာမယ့် ဧပြီလ ၁၂ ရက်နေ့မှာ ဆန်းဒါးလန်းနဲ့ ကစားရမှာ ဖြစ်ပြီး အဲဒီပွဲမတိုင်ခင် နည်းပြသစ်ကို အနည်းဆုံး ၁၀ ရက်ခန့် အချိန်ပေး ပြင်ဆင်စေလိုတာကြောင့် အမြန်ဆုံး ခန့်အပ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
စပါး ပရိသတ်တွေ ဘာကြောင့် ဒီဇာဘီကို ကန့်ကွက်နေကြတာလဲ
နည်းပြ ရော်ဘတ်တို ဒီဇာဘီရဲ့ စွမ်းဆောင်ရည်ထက် သူရဲ့ အငြင်းပွားဖွယ်ရာ မှတ်ချက်တွေကြောင့် စပါး ပရိသတ် အဖွဲ့အစည်း တော်တော်များများက “ No to De Zerbi” (ဒီဇာဘီကို အလိုမရှိ) ကမ်ပိန်းကို ပြုလုပ်ပြီး ကန့်ကွက်နေကြပါတယ်။

အဓိက ကတော့ ဒီဇာဘီဟာ မာဆေးလ် အသင်းမှာ ရှိစဉ် အချိန်တုန်းက အမှုအခင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကို လူသိရှင်ကြား ကာကွယ် ပြောဆိုခဲ့ပါတယ်။ သူက ဂရင်းဝုဒ်ကို “ သူ့ရဲ့ သားတစ်ယောက်လို” ကာကွယ်ပေးမယ်လို့ ပြောခဲ့သလို “ဂရင်းဝုဒ်ဟာ လူကောင်း တစ်ယောက်ပါ။ အင်္ဂလန်မှာ သူ့အပေါ် ဖော်ပြနေကြတဲ့ ပုံစံတွေနဲ့ သူဟာ တကယ်တမ်း မတူပါဘူး။” လို့ ပြောကြားခဲ့တာကြောင့် ဖြစ်ပါတယ်။
ပရိသတ်အဖွဲ့အစည်းတွေရဲ့ ဝေဖန်ချက်
ဒီဇာဘီရဲ့ ပြောဆိုချက်တွေဟာ ဂရင်းဝုဒ် ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ကိစ္စရပ်တွေရဲ့ ပြင်းထန်မှုကို လျှော့ချသလို ဖြစ်နေတယ်လို့ Proud Lilywhites (LGBTQ+ ပရိသတ်အဖွဲ့) က ဝေဖန်ထားပါတယ်။ Women of the Lane (အမျိုးသမီး ပရိသတ်အဖွဲ့) ကလည်း အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ကိစ္စတွေကို ပေါ့ပေါ့တန်တန် သဘောထားတဲ့ ဒီဇာဘီရဲ့ ခေါင်းဆောင်မှု အပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။ Spurs Reach ကတော့ ဒီလို ပြောဆိုမှုတွေဟာ ဘောလုံးလောကမှာ မရှိသင့်တဲ့ အပြုအမူတွေကို ခွင့်ပြုပေးသလို ဖြစ်နေတယ်လို့ ထောက်ပြခဲ့ပါတယ်။
ဒီတော့ အီဂေါ တူဒေါ ထွက်ခွာသွားချိန် ဦးဆောင်သူ ပျောက်ဆုံးနေတဲ့ စပါးတို့ ပရိသတ်တွေ သဘောမကျတဲ့ ဒီဇာဘီ ကိုပဲ နည်းပြ အဖြစ် ခန့်အပ်မလား။ ဒါမှမဟုတ် ဟယ်ရီ ရက်နပ် အပါအဝင် တခြားသော ပစ်မှတ် နည်းပြတွေကိုပဲ တာဝန်ပေးအပ်သွားမလား ဆိုတာ ကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် စပါးနဲ့ သတင်းတွေ ထွက်နေတဲ့ နည်းပြလောင်းတွေ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ကာလတို ယာယီ နည်းပြတွေ အဖြစ် ဟယ်ရီ ရက်နပ်၊ တင်မ် ရှားဝုဒ်၊ ဂလင်းန် ဟော့ဒယ်လ်တို့ အပြင် ယခင်ကလည်း ယာယီ နည်းပြ လုပ်ခဲ့ဖူးတဲ့ ရိုင်ယန် မေဆန်တို့ ရေပန်းစားနေပါတယ်။
တဖက် မှာလည်း စပါး နည်းပြဟောင်း မော်ရူစီယို ပိုချက်တီနိုဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ အမေရိကန် အသင်းကို ဦးဆောင်ပြီးနောက် စပါးဆီ ပြန်လာနိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ရောဘတ်တို ဒီဇာဘီ ကိုလည်း စိတ်ဝင်စားနေပေမယ့် သူကတော့ ရာသီကုန်မှသာ အသင်းကို တာဝန်ယူလိုတဲ့ ဆန္ဒရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


