တော့တင်ဟမ်ဟော့စပါး ကတော့ အခုတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ မှာလည်း ဖူလ်ဟမ်ကို ခရေဗင်ကော့တေ့ဂျ်မှာ ရှုံးနိမ့်သွားခဲ့ပြန်ပါတယ်။ စပါး ယာယီ နည်းပြ အီဂေါ တူဒေါ အနေနဲ့ အသင်းကို တန်းဆင်းဇုန် အန္တရာယ် ကနေ မကယ်တင်နိုင်သေးဘဲ သူ့လက်ထက်မှာ ဒုတိယမြောက် ရှုံးပွဲနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ပြောရမယ် ဆိုရင်တော့ အဲလက်စ် အီဝိုဘီရဲ့ အဝေးကန်ချက် လှပတဲ့ သွင်းဂိုးက ဒီပွဲ အတွက် အဆုံးအဖြတ် ဖြစ်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။
ပွဲစဉ်အကျဉ်း
ပထမပိုင်း ပွဲစပြီး (၇) မိနစ်မှာတင် အိမ်ရှင် ဖူလ်ဟမ်တို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ အော်စကာ ဘော့ဘ်ရဲ့ ဖြတ်တင်ဘော လမ်းကြောင်း ပြောင်းသွားရာ ကနေ ဟယ်ရီ ဝီလ်ဆင်က အပိုင် ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးမှာ ဖူလ်ဟမ် တိုက်စစ်မှူး ရာအူးလ် ဟင်မီနက်ဇ်က စပါး နောက်ခံလူ ဒရာဂူဆင်ကို တွန်းခဲ့တယ်လို့ စပါးဘက်က ကန့်ကွက်ခဲ့ပေမယ့် VAR ကတော့ ဂိုးအဖြစ် အတည်ပြုခဲ့ပါတယ်။ စပါးတို့ ပွဲကို ထိန်းချုပ်ဖို့ ရုန်းကန်နေရချိန်မှာ ဖူလ်ဟမ်က ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ အီဝိုဘီက ဂိုးဧရိယာ အပြင် ဘက်ကနေ ဂိုးရဲ့ ဘယ်ဘက်အောက်ထောင့်ထဲကို လှလှပပ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်း မှာလည်း ဖူလ်ဟမ် ကပဲ ဆက်လက် ဖိအားပေးခဲ့ပြီး စမစ်ရိုးက အပိုင် အခွင့်အရေး (၂) ကြိမ် လွဲချော်ခဲ့သလို၊ ဟင်မီနက်ဇ်ရဲ့ ကန်ချက် ကိုလည်း စပါး အသင်းခေါင်းဆောင် ဗန်ဒီဗန်က ဖျက်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် လူစားဝင်လာတဲ့ ရစ်ချာလီဆင်က အာချီ ဂရေးရဲ့ ဖြတ်တင်ဘော ကနေ တစ်ဆင့် ခေါင်းတိုက် ဂိုးသွင်းကာ စပါးအတွက် မျှော်လင့်ချက် ပြန်ပေးခဲ့ပေမယ့် ပွဲအပြီး မှာတော့ ဖူလ်ဟမ် ကပဲ ၂-၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
ဒီရှုံးပွဲကြောင့် စပါးဟာ ပရီးမီးယားလိဂ် (၁၀) ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးခဲ့ရပြီး ဒါဟာ ၁၉၉၄ ခုနှစ်က နည်းပြ အော့ဇီ အာဒီးလတ်စ် လက်ထက်က တင်ခဲ့တဲ့ အဆိုးရွားဆုံးစံချိန်ကို ပြန်လည် လိုက်မှီသွားတာ ဖြစ်ပါတယ်။ လက်ရှိမှာ စပါးဟာ ပရီးမီးယားလိဂ် တန်းဆင်းဇုန်နဲ့ (၄) မှတ်သာ ကွာဟပါတော့တယ်။
ဖူလ်ဟမ် ကတော့ ဒီနိုင်ပွဲကြောင့် အဆင့် (၉) နေရာ အထိ တက်လှမ်းနိုင်ခဲ့သလို၊ ၂၀၀၃-၀၄ ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် စပါးကို တစ်ရာသီအတွင်း အိမ်ကွင်း၊ အဝေးကွင်း (၂) ကြိမ်စလုံး အနိုင်ယူနိုင်တဲ့ (League Double) မှတ်တမ်းကို ပိုင်ဆိုင်သွားပါတယ်။
ဟယ်ရီ ဝီလ်ဆင်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စလို့ ဂိုးပါဝင်ပတ်သက်မှု (၁၂) ကြိမ် (၆ ဂိုးသွင်း၊ ၆ ဂိုး ဖန်တီး) အထိ ရှိထားပြီး ဒါဟာ ဟာလန်း (၁၄ ကြိမ်) နဲ့ ဘရူနို ဖာနန်ဒက်စ် (၁၃ ကြိမ်) တို့ ပြီးရင် တတိယ အများဆုံး ဖြစ်ပါတယ်။ ထူးခြားချက်က သူဟာ စပါးနဲ့ တွေ့ရင် ပိုမို ခြေစွမ်းပြလေ့ ရှိပြီး စပါး ဘက်ကို စုစုပေါင်း (၄) ဂိုး အထိ သွင်းယူထားနိုင်ခဲ့တာပါ။

တဖက် မှာလည်း အီဝိုဘီဟာ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်ခဲ့ပါတယ်။ သူဟာ ကိုယ်တိုင် ဂိုးသွင်းယူနိုင်ခဲ့ရုံတင် မကဘဲ အသင်း အတွက် အခွင့်အရေး (၄) ကြိမ် ဖန်တီးပေးခဲ့သလို၊ တစ်ဦးချင်း ကျော်ဖြတ်မှုနဲ့ ယှဉ်ပြိုင်မှု (Duel) တိုင်းမှာ ၁၀၀ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပါတယ်။
ပွဲပြီး Sky Sports နဲ့ အင်တာဗျူးမှာ အသင်းရဲ့ ခြေစွမ်း အပေါ် တူဒေါက အခုလို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ပါတယ်။ “ကျွန်တော်တို့ ဒီနေ့ တကယ်ကို မကောင်းခဲ့ပါဘူး၊ အဘက်ဘက်က လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ တိုက်စစ်ရော ခံစစ်မှာပါ ဖူလ်ဟမ်က ကျွန်တော်တို့ထက် အပြတ်အသတ် သာလွန်ခဲ့ပါတယ်။ ဒီမှာ ပြဿနာတွေ ရှိနေပါတယ်။ တကယ့်ကို ကြီးမားတဲ့ ပြဿနာတွေပါ။” လို့ တူဒေါက ဆိုပါတယ်။
သောမတ်စ် ဖရန့်ခ်ရဲ့ နေရာမှာ အစားဝင်ပြီးနောက် ဒုတိယမြောက် ရှုံးပွဲကို ဆက်တိုက် ရင်ဆိုင်ခဲ့ရတဲ့ တူဒေါက အသင်းရဲ့ တန်းဆင်းဇုန် အန္တရာယ်နဲ့ ပတ်သက်ပြီးတော့လည်း အခုလို ဖြည့်စွက် ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ နောက်ပွဲ အတွက်ပဲ တွေးနေပါတယ်။ တန်းဆင်းရမယ့် အရေးကို (အရမ်းကြီး) တွေးမနေဖို့ လိုပါတယ်။ တန်းမဆင်းနိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် တို့ဟာ အသင်း တစ်သင်း အနေနဲ့ စိတ်ဓာတ်ပိုင်း တိုးတက်လာဖို့၊ အာရုံစူးစိုက်မှု ရှိဖို့နဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့ကိုပဲ အဓိက အာရုံစိုက်ရမှာပါ။ ဒါတွေကပဲ ကျွန်တော် တို့ရဲ့ တစ်ခုတည်းသော ပန်းတိုင် ဖြစ်ရပါမယ်။” လို့ ဆိုပါတယ်။
ဖူလ်ဟမ် နည်းပြ မာကို ဆေးလ်ဗား ကတော့ စပါးကို အိမ်ကွင်း၊ အဝေးကွင်း (၂) ကြိမ်စလုံး အနိုင်ရရှိခဲ့တဲ့ အပေါ် ကျေနပ်နေပြီး ဂိုးသွင်းရှင် အီဝိုဘီ ကိုလည်း ချီးကျူးခဲ့ပါတယ်။ “ဒါဟာ သူသွင်းခဲ့ဖူးသမျှ အကောင်းဆုံးဂိုးတွေထဲက တစ်ဂိုးပါ။ သူက ဒီလိုမျိုးတွေ လုပ်ပြနိုင်စွမ်း ရှိပါတယ်။ သူက ဂိုးထောင့်ကို သေချာရွေးပြီး ပြင်းပြင်းထန်ထန် ကန်သွင်းတဲ့အခါ ပိုပြီး အစွမ်းထက်ပါတယ်။ ဒါဟာ သူ့အတွက် တကယ့်ကို ပြောင်မြောက်တဲ့ အခိုက်အတန့်ပါပဲ။”
“ခြုံပြောရရင်တော့ တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်က ကောင်းမွန်ခဲ့ပါတယ်။ တိုက်စစ်ပိုင်း ကနေ ကြည့်ရင်လည်း ကျွန်တော်တို့ တကယ်ကို ပျော်ပျော်ပါးပါး ကစားနိုင်ခဲ့ကြတယ်၊ တက်ကြွမှုရှိတယ်၊ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့သလို ပြိုင်ဘက်ကိုလည်း အခက်တွေ့အောင် လုပ်နိုင်ခဲ့ပါတယ်။” လို့ ဆေးလ်ဗားက ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


